ပြင်သစ်အခြေစိုက် စူပါကားထုတ်လုပ်ရေးကုမ္ပဏီက ကမ္ဘာ့တန်ဖိုးအကြီးဆုံး စူပါကားသစ်ကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ဂျနီဗာကားပြပွဲမှာ ပွဲထုတ်ပသလိုက်ပြီး အမည်မဖော်ပြတဲ့ ဝယ်ယူသူတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၈.၉ သန်းဖြင့် ရောင်းချလိုက်ကြောင်း သိရပါတယ်။
(Photo: Martial Trezzini/EPA)
La Voiture Noire (The Black Car) လို့ အမည်ပေးထားတဲ့ Bugatti စူပါကားသစ်ရဲ့ ဈေးနှုန်းဟာ ယခင်က ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းချခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ Rolls-Royce Sweptail ရဲ့ ဈေးနှုန်းထက်ပိုများခဲ့တာ ဖြစ်ပါတယ်။ La Voiture Noire ရဲ့ ဈေးနှုန်း ဒေါ်လာ ၁၈.၉ သန်းအနက် ကားတန်ဖိုးဟာ ဒေါ်လာ ၁၂.၅ သန်းဖြစ်ပြီး အခွန်ပမာဏက ဒေါ်လာ ၆.၄ သန်း ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ပြောပါတယ်။
Bugatti စူပါကားသစ်ရဲ့ အင်ဂျင်ပါဝါဟာ Ford Fiesta ကားထက် အဆ ၂၀ ပိုကြီးတယ်လို့လည်း သိရပါတယ်။ Bugatti က ယခု စူပါကားသစ်ကို ကုမ္ပဏီသက်တမ်း နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ Bugatti စူပါကားသစ်ကို ဝယ်ယူသွားခဲ့သူဟာ Porsche ကားကုမ္ပဏီတည်ထောင်သူရဲ့ မြေးဖြစ်သူ Fedinand Piech ဖြစ်မယ်လို့ ခန့်မှန်းရကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: Martial Trezzini/EPA)
Piech ဟာ Bugatti ကို ပိုင်ဆိုင်တဲ့ Volkswagen ကားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုုပ်ဟောင်းလည်း ဖြစ်ပါတယ်။ Volkswagen ကို ဦးဆောင်ခဲ့စဉ်က Piech ဟာ ကုမ္ပဏီရဲ့ တန်ဖိုးအကြီးဆုံးကား ထုတ်လုပ်ရေးစီမံကိန်းတွေကို အားပေးထောက်ခံခဲ့တဲ့ နာမည်ဂုဏ်သတင်းရှိခဲ့ပါတယ်။
(Photo: Bugatti/Twitter)
Bugatti က ထုတ်လုပ်လိုက်တဲ့ La Voiture Noire (The Black Car) လို့ အမည်ပေးထားတဲ့ စူပါကားသစ်ဟာ တစ်မူထူးခြားတဲ့ နည်းပညာ၊ အသွင်အပြင်လှပမှုနဲ့ ထူးကဲလှတဲ့ ဇိမ်ခံကားအဖြစ် ပေါင်းစပ်တည်ဆောက်ထားတယ်လို့ Bugatti ဥက္ကဋ္ဌ Stephen Winkelmann က ညွှန်းဆိုခဲ့ပါတယ်။ Bugatti စူပါကားသစ်ဟာ ပြောင်လက်တောက်ပတဲ့ အနက်ရောင် ကာဗွန်ဖိုက်ဘာကိုယ်ထည်နဲ့ မြင်းကောင်ရေ ၁,၅၀၀ အားရှိ ၁၆ လုံးထိုး အင်ဂျင်ကို အသုံးပြုထားပါတယ်။
စူပါကားသစ်ရဲ့ အမြန်နှုန်း အတိအကျကို Bugatti က ပြောကြားခြင်းမရှိခဲ့ပါဘူး။ သို့သော် Bugatti က ထုတ်လုပ်ထားတဲ့ Chiron အမျိုးအစားကားနဲ့ အမြန်နှုန်းတူညီနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Chiron ကားဟာ အချိန် ၂.၄ စက္ကန့်အတွင်း အမြန်နှုန်း တစ်နာရီလျှင် ၆၂ မိုင်သို့ ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၆၁ မိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။