ဗြိတိန်အခြေစိုက် GlaxoSmithKline (GSK) ဆေးဝါးကုမ္ပဏီက အမေရိကန်မှ မိတ်ဖက် ဇီဝနည်းပညာကုမ္ပဏီ Vir Biotechnology Inc နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပဋိပစ္စည်းအခြေခံ COVID-19 ရောဂါကုထုံးအရ ၎င်းတို့ရဲ့ဆေးဟာ ဓာတ်ခွဲခန်း လေ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်အတွက် ထိရောက်မှုရှိကြောင်း GSK က ယနေ့ (ဒီဇင်ဘာ ၂ ရက်) ပြောပါတယ်။

(Photo: Getty Images)
GSK ရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲခန်းစမ်းသပ်တစ်ခုနဲ့ ဟမ်စတားကြွက်တွေမှာ လေ့လာခဲ့ရာ Sotrovimab ပဋိပစ္စည်း ပေါင်းစပ်ဆေးက အိုမီခရွန်ဗိုင်းရပ်စ်အတွက် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ်ရဲ့ ဗီဇပြောင်းလဲမှု အားလုံးအတွက် အလုပ်ဖြစ် မဖြစ် ရလဒ်တွေကို အတည်ပြုရန် စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ အချက်အလက်အသစ်တွေ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း GSK က ပြောကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
ဆက်စပ်သတင်းအရလည်း GSK က ထုတ်လုပ်ထားပြီး Xevudy အမှတ်တံဆိပ်အဖြစ် သိရှိထားကြတဲ့ Sotrovimab ကို ရောဂါပြင်းထန်နိုင်တဲ့အန္တရာယ်ရှိ COVID-19 လူနာတွေမှာ အသုံးပြုရန် ဗြိတိန် ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့ Medicines and Healthcare products Regulatory Agency (MHRA) က ယနေ့ တရားဝင်ခွင့်ပြုချက် ပေးလိုက်ကြောင်း သိရပါတယ်။ COVID-19 ရောဂါလက္ခဏာများ စတင်ရှိလာပြီး ၅ ရက်အတွင်း Xevudy ကို အသုံးပြုရန် MHRA က ထောက်ခံချက်ပေးထားပါတယ်။
(Photo: Kenzo Tribouillard / AFP)
တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ယမန်နေ့မှာ ပြောကြားပါတယ်။
အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံနဲ့နယ်မြေ အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၂၅ ခုရှိလာပြီ ဖြစ်ပါတယ်။
တောင်အာဖရိက၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့ဆွာနာ၊ ဘရာဇီး၊ ချက်ရီပတ်ဘလစ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ ဗြိတန်၊ အမေရိကန်၊ စပိန်နဲ့ ဆွီဒင်တို့မှာ အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားပါတယ်။