ကမ္ဘာ့အကြီးဆုံးနည်းပညာပွဲကြီးတွေထဲက တစ်ခု ဖြစ်တဲ့ Consumer Electronics Show (CES) ပွဲကြီးကတော့ လာမယ့်အပတ်မှာ စတင်ကျင်းပသွားတော့မှာပါ။
ဇန်နဝါရီ ၈ ရက်ကနေ ၁၂ ရက်အထိ အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မှာ ၅ ရက်တာ ကျင်းပသွားမယ့် ဒီပွဲကြီးမှာ စမတ်ဖုန်းကုမ္ပဏီတွေ တင်မဟုတ်ဘဲ ကမ္ဘာ့ထိပ်တန်း အိုင်တီဦးဆောင်ကုမ္ပဏီကြီးတွေလည်း ပါဝင်ပြသသွားမှာ ဖြစ်လို့နည်းပညာနယ်ပယ်အတွက် အကြီးကျယ်ဆုံး အိုင်တီ show ကြီးဆိုလည်း မမှားပါဘူး။
CES ပွဲတွေနဲ့အတူ ရေပန်းစားခဲ့တဲ့ စကားလုံးတွေ ထွက်ပေါ်လာစမြဲဖြစ်လို့ဒီနှစ် CES 2019 မှာ ဘယ်လိုအသုံးအနှုန်းတွေက ဒီပွဲမှာ ကြီးစိုးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

(၁) 5G
Android Authority ကတော့ CES 2019 ပွဲနဲ့အတူ အနာဂါတ် နည်းပညာနယ်ပယ်မှာ ခေတ်စားမယ့် စကားလုံးဟာ 5G ဖြစ်မယ်လို့ဟောကိန်းထုတ်ထားပါတယ်။ ဒီပွဲမှာတော့ 5G လိုင်းဆွဲအား ပံ့ပိုးပေးနိုင်တဲ့ စမတ်ဖုန်းတွေ ၊ router နဲ့accessories တွေလည်း မြင်ရမှာ သေချာသလောက် ရှိပါတယ်။
(၂) XR
iPhone သစ်တွေထဲက ဈေးအနည်းဆုံးမော်ဒယ်နဲ့မှားနိုင်ပါတယ်။ တကယ်က AR (Augmented Reality) ၊ VR (Virtual Reality) နဲ့ MR (Mixed Reality) တို့လိုမျိုး ပုံရိပ်ယောင်နည်းပညာသစ်တစ်ရပ်ဖြစ်တဲ့ Extended Reality နည်းပညာကို ခေါ်တာပါ။
(၃) AI
ဒီအသုံးအနှုန်းကတော့ ၂၀၁၈ မှာကတည်းက လူတိုင်းနဲ့ရင်းနှီးပြီးသား စကားလုံး ဖြစ်ပြီး ၂၀၁၉ မှာ ပိုပြီး ဆန်းသစ်တဲ့ AI လုပ်ဆောင်ချက်တွေနဲ့ထုတ်ကုန်တွေကို မြင်ရဖို့ရှိပါတယ်။
(၄) 8K
2K,4K display ခေတ်ကို ဆန်တက်လာနေတဲ့ display resolution နည်းပညာပါ။ 4K TV/monitors တွေ အသုံးတွင်စ ပြုလာချိန်မှာ CES 2019 ပွဲကစပြီး 8K display အဖြစ် (7680 x 4320 pixel) ရုပ်ထွက်ပါလာပြီး ဒီ display သုံးတဲ့ ထုတ်ကုန်တွေကို 4320p display တွေလို့ခေါ်ကြတော့မှာ ဖြစ်ပါတယ်။
(၅) Blockchain
Blockchain ဟာ Bitcoin ၊ Ethereum စတဲ့ cryptocurrency များ ကို အခြေခံထားတဲ့ လုံခြုံရေးနည်းပညာတစ်ခု ဖြစ်ပြီး cryptography သုံးပြီး block လို့ခေါ်တဲ့ စာရင်းမှတ်တမ်းများကို သိမ်းထားတာ ဖြစ်ပါတယ်။
ဒီနည်းပညာအကြောင်းကို ဖိုရမ်တွေ ၊ workshop နဲ့seminar ပေါင်းများစွာမှာ ဆွေးနွေးကြပြီး ဖြစ်ပေမယ့် တကယ်လက်တွေ့အသုံးပြုလာတဲ့ ကုမ္ပဏီက သိပ်မများသေးပါဘူး။ CES 2019 မှာ ဒီအကြောင်းကို အကျယ်တဝင့် ကြားသိရဖို့ရှိပါတယ်။
(၆) IoT
လူသုံးကုန် အီလက်ထရောနစ်ပစ္စည်းတွေကနေ အခုဆို အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ IoT (Internet of Things) ခေတ်ရောက်လာပြီ ဖြစ်ပါတယ်။ ၂၀၁၉ မှာ IoT ဟာ လူတိုင်းနဲ့ပိုပြီး ပတ်သက်မှု ရှိလာသလို IoT ဆိုတဲ့ အသုံးအနှုန်းကလည်း ရေပန်းစားတဲ့ စကားလုံး ဖြစ်လာဖို့ရှိပါတယ်။
(၇) Big Data
Blockchain လိုပဲ အချက်အလက်စီမံလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပိုပြီး ရှုပ်ထွေး တိကျမှု မြင့်မားတဲ့ နည်းပညာတစ်ခုပါ။ Big Data ဆိုတဲ့အတိုင်း အလွန်တရာများပြား လှတဲ့ data sets တွေကို တွက်ချက် သိုလှောင်ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာတစ်ခု ဖြစ်ပြီး ဒီနှစ်မှာ Big Data ဟာ လူပြောများလာဖို့ရှိမယ်လို့ယူဆရပါတယ်။