ငှက်ဖျားဆေးတွေကို COVID-19 အတွက် အသုံးပြရန် အတည်ပြုထားခြင်း မရှိပါဘူး။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ လတ်တလော မြင့်တက်နေတဲ့ ဘရာဇီးနိုင်ငံသို့ အမေရိကန်က ငှက်ဖျားဆေး နှစ်သန်း ပေးပို့လိုက်ကြောင်း သမ္မတအိမ်ဖြူတော်က တနင်္ဂနွေနေ့ (မေ ၃၁ ရက်) မှာ ပြောပါတယ်။

(Photo: Getty Images)

ငှက်ဖျားဆေး ဟိုက်ဒရိုကလိုရိုကွင်း (hydroxychloroquine) ကို COVID-19 အတွက် အသုံးပြရန် နိုင်ငံတကာက အတည်ပြုထားခြင်းမရှိဘဲ အမေရိကန် FDA ကလည်း ဘေးထွက်ဆိုးကျိုးအတွက် သတိပေးထားခဲ့ပေမဲ့ ဘရာဇီးသို့ ပေးပို့လိုက်တာ ဖြစ်ပါတယ်။ "ဘရာဇီး သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေကို COVID-19 ကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးအဖြစ် hydroxychloroquine ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်၊ ရောဂါကူးစက်ခံရတဲ့ ဘရာဇီးနိုင်ငံသားတွေကို ကုသဆေးအဖြစ်လည်း အသုံးပြုသွားမှာပါ" လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



(Photo: Amanda Perobelli/Reuters)

ထို့အတူ ဘရာဇီးနိုင်ငံသို့ အသက်ရှူစက် ၁,၀၀၀ ကိုလည်း မကြာမီ ပေးပို့သွားမယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ ဘရာဇီးဟာ တောင်အမေရိကမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဓိက ဗဟိုချက်နေရာဖြစ်နေပြီး ယနေ့ (ဇွန် ၁ ရက်) မနက်ပိုင်းအထိ ၅၁၄,၀၀၀ ကျော်အထိ မြင့်တက်လာပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် ဒုတိယမြောက် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဘရာဇီးဟာ COVID-19 ကြောင့် သေဆုံးမှုမှာလည်း အမေရိကန်၊ ဗြိတိန်၊ အီတလီတို့ပြီးလျှင် စတုတ္တမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ဘရာဇီးမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ ၂၀၀,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

hydroxychloroquine ငှက်ဖျားဆေးကို COVID-19 အတွက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး အမေရိကန်-ဘရာဇီး ပူးပေါင်းသုတေသနကိုလည်း လုပ်ဆောင်သွားမယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ COVID-19 အတွက် hydroxychloroquine ငှက်ဖျားဆေးကို အသုံးပြုရန် အားပေးထောက်ခံ ဖြစ်ပါတယ်။

၎င်းက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစေရန် hydroxychloroquin ကို တစ်နေ့တစ်လုံး သောက်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ လက်ရှိအချိန်အထိတော့ hydroxychloroquin ကို COVID-19 အတွက် ကုသဆေး သို့မဟုတ် ကာကွယ်ဆေးအဖြစ် အသုံးပြုရန် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် COVID-19 လူနာတွေမှာ ထိုဆေးကို အသုံးပြုခြင်း အခြေအနေပိုဆိုးနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

(Photo: Reuters)

hydroxychloroquine သို့မဟုတ် ကလိုရိုကွင်း (cloroquine) ငှက်ဖျားဆေးတွေဟာ COVID-19 လူနာတွေမှာ သေဆုံးမှုအန္တရာယ် မြင့်တက်စေခြင်းနဲ့ ဆက်နွယ်နေကြောင်း လေ့လာမှုရလဒ်ကို Lancet ဆေးပညာဂျာနယ်က ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။ ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က COVID-19 လူနာတွေမှာ ငှက်ဖျားဆေးဖြင့် စမ်းသပ်ကုသနေခြင်းကို ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကြောင့် ရပ်ဆိုင်းထားမယ်လို့ မေ ၂၅ ရက်မှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောခဲ့ပါတယ်။

သို့သော် အိန္ဒိယမှ Indian Council of Medical Research (ICMR) နဲ့ ပြင်သစ်မှ နာမည်ကြီး ဆရာဝန် ပါမောက္ခ Didier Raoult ကဲ့သို့ ငှက်ဖျားဆေးကို COVID-19 အတွက် အသုံးပြုခြင်းကို ထောက်ခံထားကြတာတွေလည်း ရှိနေပါတယ်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်ပြီး ငှက်ဖျားဆေးအသုံးပြုခြင်းဟာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းတွေကြား အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်နေဆဲလို့ သိရပါတယ်။

Share

Loading Next Article...
က္က