တောင်အာဖရိကမှာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လူစုလူဝေးဖြစ်စေတဲ့ ပွဲအခမ်းအနားမပြုလုပ်ရန် တားမြစ်ချက်ကို ဖောက်ဖျက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲတစ်တွဲ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ်နဲ့ ဦးဆောင်သူ သင်းအုပ်ဆရာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

(Photo: @MadzengaOld/Twitter)
တနင်္ဂနွေနေ့ (ဧပြီ ၅ ရက်) နေ့က KwaZulu-Natal မှာ မင်္ဂလာပွဲကျင်းပပြုလုပ်နေကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ် ၅၀ နဲ့ မင်္ဂလာပွဲကို ဦးဆောင်ကျင်းပသူ သင်းအုပ်ဆရာတို့ အားလုံးကို Richards Bay မြို့ပြင်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
၎င်းတို့ တစ်အုပ်စုလုံးကို ဧပြီ ၆ ရက်နေ့က တရားရုံးမှာ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲဆင်နွှဲနေကြတဲ့ စုံတွဲမှ သတို့သားက အဖြူရောင်ဝတ်စုံနဲ့ သတို့သမီးကို ရဲတပ်ဖွဲ့ရဲ့ ဗင်ကားပေါ်ကို တက်ရောက်နိုင်ရန် ကူညီပေးနေတဲ့ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။
(Photo: @MadzengaOld/Twitter)
COVID-19 ကာလ တားမြစ်ချက်ချိုးဖောက်ပြီး မင်္ဂလာဆောင်မှုဖြင့် အဖမ်းခံရတဲ့ စုံတွဲရဲ့အမည်တွေကိုတော့ ရဲတပ်ဖွဲ့ သို့မဟုတ် ဒေသခံမီဒီယာတွေကို ထုတ်ဖော်ပြောခြင်း မရှိသေးကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ကြင်စဦး ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ ပျားရည်ဆမ်းကာလကို တင်းကျပ်တဲ့ အာမခံ စည်းကမ်းတွေအောက်မှာ ဖြတ်သန်းရမယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဧပြီ ၇ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁,၇၄၉ ဦးရှိပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
.