မြန်မာကျပ်ငွေဖြင့်ဆိုပါက အာမခံကြေးအပါအဝင် ဆေးတစ်လုံးလျှင် ၅၄၀,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။

COVID-19 ကုသဆေးအဖြစ် အလာအလားကောင်းတဲ့ Remdesivir ဆေးတစ်လုံးရဲ့ ဈေးနှုန်းကို အမေရိကန်နဲ့ အခြား ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အာမခံကြေးအပါအဝင် အမေရိကန်ဒေါ်လာ ၃၉၀ (မြန်မာကျပ်ငွေ ၅၄၀,၀၀၀ ဝန်းကျင်) သတ်မှတ်ထားကြောင်း ဆေးထုတ်လုပ်တဲ့ Gilead Sciences ကုမ္ပဏီက ဇွန် ၂၈ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

COVID-19 လူနာတစ်ဦးလျှင် Remdesivir ဆေး ငါးရက်စာအတွက် ဈေးနှုန်းမှာ အာမခံကြေးအပါအဝင် ဒေါ်လာ ၂,၃၄၀ (မြန်မာကျပ်ငွေ ၃၂ သိန်းကျော်) ဖြစ်ကြောင်းလည်း သိရပါတယ်။ ပုဂ္ဂလိက အာမခံကုမ္ပဏီမှာ အာမခံထားရှိသူတွေအတွက်မူ Remdesivir ဆေးတစ်လုံးလျှင် အာမခံကြေးအပါအဝင် ဒေါ်လာ ၅၂၀ (မြန်မာကျပ်ငွေ ၇၁၀,၀၀၀ ကျော်) နဲ့ လူနာတစ်ဦးအတွက် စုစုပေါင်း ဒေါ်လာ ၃,၁၂၀ (မြန်မာကျပ်ငွေ ၄၃ သိန်းကျော်) ဖြစ်တယ်လို့ Gilead Sciences က ပြောထားပါတယ်။



Gilead Sciences က Remdesivir ဆေးနဲ့ပတ်သက်ပြီး အမေရိကန် Department of Health and Human Services (HHS) နဲ့ သဘောတူညီမှု ရှိထားပြီလို့လည်း ဆိုပါတယ်။ HHS က အမေရိကန်တစ်ဝှမ်းရှိ‌ ဆေးရုံတွေကို စက်တင်ဘာလကုန်အထိ ဆေးခွဲတမ်း စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။


(Photo: AP)

ထိုကာလပြီးနောက် ဆေးလိုအပ်ချက်များ လျော့နည်းလာချိန်မှာတော့ HHS က ဆေးခွဲတမ်း စီမံခန့်ခွဲမှုကို ရပ်ဆိုင်းသွားမယ်လို့ Gilead Sciences က ပြောပါတယ်။ အမေရိကန် အစားအစာနဲ့ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က Remdesivir ကို COVID-19 လူနာတွေမှာ အရေးပေါ် ကုသဆေးအဖြစ် အသုံးပြုရန် မေလအတွင်း ခွင့်ပြုပေးခဲ့ပြီးနောက် ထိုဆေးရဲ့ ဈေးနှုန်းဟာ အပြင်းအထန် ဆွေးနွေးငြင်းခုံစရာ အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ Gilead Sciences အနေနဲ့ အမြတ်အစွန်းအတွက် ကျန်းမာရေးအကျပ်အတည်းကို အခွင့်ကောင်းယူခြင်းမျိုး ရှောင်ကြဥ်ရန်လိုအပ်လိမ့်မယ်လို့ တိုက်တွန်းထားပါတယ်။ Wall Street ဂျာနယ်မှ လေ့လာဆန်းစစ်သူတွေရဲ့ အဆိုအရ COVID-19 ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေခဲ့ပါက Gilead Sciences ဟာ လာမယ့် နှစ်နှစ်အတွင်း ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရရှိနိုင်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က