ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေး ပိတ်ပင်ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခဲ့ပြီး မူကြိုနဲ့ မူလတန်းကျောင်းများ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။
(Photo: VNA)
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အခြား စာသင်ကျောင်းတွေကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ခွင့်ပြုခဲ့ပြီးနောက် ယခုအခါ မူကြိုနဲ့ မူလတန်းကျောင်းများ ပြန်ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ တစ်လနီးပါးကြား ကူးစက်မှုမတွေ့ရတော့ဘဲ မကြာမီမှာ အခြား ဒေသတွင်း နိုင်ငံအများစုထက်စောပြီး ပုံမှန်သွားလာလှုပ်ရှားမှုတွေ ပြန်စတင်တော့မယ်လို့ ဆိုပါတယ်။
ယနေ့ (မေ ၁၁ ရက်) ညပိုင်းအထိ ဗီယက်နမ်မှာ COVID-19 အတည်ပြုလူနာ ၂၈၈ ဦး တွေ့ရှိခဲ့ပြီး ၂၄၉ ဦးက ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပါတယ်။ "လက်သန့်စင်ဆေးရည်သုံးဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ကြဖို့ ဆရာမတွေက မှာထားပါတယ်" လို့ ဟနွိုင်းမြို့တော်ရှိ မူလတန်းကျောင်းအပြင်ဘက်မှာ ကျောင်းသားလေး Vu Tuan Phong က ပြောပါတယ်။
(Photo: Reuters)
ဗီယက်နမ်မှာ စာသင်ကျောင်းအများစုက COVID-19 မဖြစ်ပွားမီကထက် စာသင်ချိန်လျှော့ချထားကြောင်းလည်း သိရပါတယ်။ "အစိုးရကရော ကျောင်းတွေကရော ကလေးတွေ ကျောင်းမှာ ဘေးကင်းလုံခြုံပြီး မိဘတွေ စိတ်အေးအေးနဲ့ အလုပ်သွားနိုင်ဖို့ လိုအပ်တဲ့ စီမံဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ ကျွန်မ အပါအဝင် မိဘတွေက ယုံကြည်ပါတယ်" လို့ အသက် ၂၉ နှစ်အရွယ် Ngoc Anh ဆိုသူ မိခင်က Reuters သတင်းဌာနကို ပြောပါတယ်။
(Photo: Reuters)
ဗီယက်နမ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ခွင့်ပြုခြင်းဟာ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ရုပ်သိမ်းမှု နောက်ဆုံး အဆင့်လို့လည်း ဆိုပါတယ်။ သို့သော် နိုင်ငံတကာ စီးပွားဖြစ်လေကြောင်းခရီးစဥ်များ၊ ကလပ်နဲ့ ကာရာအိုကေတွေကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ "အခုဆိုရင် ဗီယက်နမ်မှာ COVID-19 အန္တရာယ်က လျော့နည်းနေပါပြီ၊ ဒါက ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သတိဝီရိယရှိနေဖို့ လိုပါတယ်" လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။