• Featured

    COVID-19 ကူးစက်မှုတွေကြောင့် မဲလ်ဘုန်းတစ်မြို့လုံးကို lockdown လုပ်ထားမည်

မဲလ်ဘုန်းရှိ လူဦးရေ ငါးသန်းကို သီတင်းပတ်ခြောက်ပတ်ကြာ အသွားအလာကန့်သတ်ပြီး lockdown လုပ်ထားမှာပါ။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ဩစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့တစ်မြို့လုံးကို lockdown လုပ်ထားမယ်လို့ အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၇ ရက်) ကြေညာပါတယ်။

image

(Photo: AFP)

မဲလ်ဘုန်းမြို့ရှိ လူဦးရေ ငါးသန်းကို သီတင်းပတ်ခြောက်ပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှာဖြစ်ပါတယ်။ မဲလ်ဘုန်းမြို့မှာ COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး lockdown စီမံဆောင်ရွက်မှုဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၈ ရက်) ညသန်းခေါင်မှာ စတင်သက်ရောက်မှာဖြစ်ပြီး အနည်းဆုံး သီတင်းခြောက်ပတ်ကြာမယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ်အင်ဒရူးစ်က ပြောပါတယ်။

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ပြီးဆုံးခြင်းမရှိသေးကြောင်း မြို့ခံတွေကို ၎င်းက သတိပေးခဲ့ပါတယ်။ ဩစတြေးလျ အရှေ့တောင်ပိုင်းရှိ မဲလ်ဘုန်းမြို့မှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၉၁ ဦး တွေ့ရပြီးနောက် ကူးစက်မှုအကြောင်းရင်းကို ခြေရာခံ ရှာဖွေဖော်ထုတ်ရန် ဖြစ်ရပ်များ အလွန်အများအပြား ရှိနေတတယ်လို့ အင်ဒရူးစ်က ဆိုပါတယ်။

(Photo: Reuters)

"ဒါတွေက ထိန်းမနိုင်တဲ့ ကူးစက်မှု အရေအတွက်တွေပဲ၊ ဘယ်သူမှ ဒီလို အနေအထားမှာ မရှိချင်ကြပါဘူး၊ ဒီဟာကြောင့် အလွန်ကြီမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါဟာ တစ်ကယ့် စိန်ခေါ်မှုပါပဲ" လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် မဲလ်ဘုန်းမြို့မှာ ကျောင်းသူကျောင်းသားမျာ အွန်လိုင်းမှ စာသင်ကြားမှု ပြန်လည် ပြုလုပ်ရမှာဖြစ်ပြီး စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ နောက်ထပ် ကူးစက်ခံရသူတွေ ထောင်နဲ့ချီ တိုးလာနိုင်ခြေရှိကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် အင်ဒရူးက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: AFP)

မဲလ်ဘုန်းမြို့တစ်မြို့လုံးကို lockdown လုပ်ထားစဥ် ဗစ်တိုးရီးယားပြည်နယ်တစ်ခုလုံးကိုတော့ ယနေ့ ညသန်းခေါင်းအချိန်မှစပြီး နယ်စပ်များပိတ်ကာ တစ်နိုင်ငံလုံးနဲ့ ကူးသန်းသွားလာမှု ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒရုန်းများနဲ့ အခြား လေကြောင်းထောက်လှမ်းစောင့်ကြည် စနစ်များသုံးပြီး ဗစ်တိုးရီးယားပြည်နယ် နယ်စပ်တွေကို ကင်းလှည့်စောင့်ကြပ်နေမှာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့ရှိ မြို့ခံ ၃၀၀,၀၀၀ ခန့်ကို ဇူလိုင်လကုန်အထိ တစ်မြို့လုံးသို့ အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း‌ ပြောထားခဲ့ပြီး ယခုအခါမှာတော့ တစ်မြို့လုံးကို lockdown လုပ်ထားတော့မယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

မဲလ်ဘုန်းရှိ လူဦးရေ ၃,၀၀၀ ခန့်ကိုတော့ စနေနေ့ (ဇူလိုင် ၄ ရက်) က ၎င်းတို့ရဲ့ နေအိမ်များကနေ ထွက်ခွာသွားလာခြင်း မပြုကြရန် တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။ ဩစတြေးလျမှာ ဗစ်တိုးရီးယားပြည်နယ်ကလွဲပြီး အခြား နေရာတွေမှာတော့ COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဩစတြေးလျဟာ ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်ချက်များ အလျင်အမြန် လုပ်ဆောင်ပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၉,၀၀၀ နီးပါး (၈,၇၅၅ ဦး)၊ သေဆုံးသူ ၁၀၆ ဦးနဲ့ ပြန်လည်သက်သာသူ ၇,၄၅၅ ဦးရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က