COVID-19 ပိုးတွေ့လူနာတွေကို ဖောင်ကြီး ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးနေရာ မေလ ၈ ရက်နေ့ ဒီနေ့ မေလ ၁၀ ရက်အထိ Positive လူနာ ၂၁ ဦးကိုပို့ဆောင်ခဲ့ပြီလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသော်တာထွေးက Duwun ကိုပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာပဆေးရုံတို့မှာတက်ရောက်နေတဲ့ COVID-19 လူနာတွေကို ဖောင်ကြီးကုသရေးစင်တာသို့ ပြောင်းရွှေ့ကုသဖို့အတွက် ရန်ကုန်တိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဉ်တွေနဲ့ သွားရောက်ပို့ဆောင်ပေးရတာပါ။ “ ဝေဘာဂီတို့၊ တောင်ဥက္ကလာပတို့က Positive လူနာတွေကို ဖောင်ကြီးကိုပို့ဆောင်ပေးတာပါ။ သောကြာနေ့ကနေ ဒီနေ့ မေလ ၁၀ ရက်အထိ ၂၁ ယောက်လောက်ရှိပါပြီ” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသော်တာထွေးက ပြောပါတယ်။
လက်ရှိဆေးရုံအသီးသီးမှာ ကိုဗစ်လူနာတွေ တွေ့ခဲ့ရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ဆက်သွယ်ရမှာဖြစ်ပြီး အဲဒီကတစ်ဆင့် အဆင်သင့်ပြင်ဆင်ထားတဲ့ လူနာတင်ယာဉ်တွေက လူနာရှိရာကို သွားရောက်ခေါ်ဆောင်ပြီး ဖောင်ကြီးကုသရေးစင်တာကို ချက်ချင်းပို့ဆောင်ပေးရတာဖြစ်ပါတယ်။
Positive လူနာတွေကို ပို့ဆောင်ပေးနိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူနာတင်ယာဉ်တွေနဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတွေ က အဓိက ပို့ဆောင်ပေးတာဖြစ်ပါတယ်။ ပို့ဆောင်ပေးရာမှာ လူနာတစ်ဦးကို ယာဉ်တစ်စီး၊ ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်အကူတစ်ဦးတို့က ပို့ဆောင်ပေးပြီး ယာဉ်မောင်းနဲ့ ယာဉ်အကူတို့မှာလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကာကွယ်ရေးဝတ်စုံတွေ အပြည့် ဝတ်ဆင်ရတယ်လို့ ဦးသော်တာထွေးက ဆိုပါတယ်။
“ ရောဂါအခြေအနေ မဆိုးတဲ့ လူနာတွေကိုတော့ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့က လိုက်ပို့တာပါ။ လိုအပ်ရင်တော့ ဆေးရုံက ဆရာဝန်၊ သူနာပြုတို့ ပါတာပေါ့။ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့မှာ ကူးစက်မှုမရှိအောင်လည်း PPE ဝတ်စုံအပြည့်အ၀ ဝတ်ပါတယ်။ PPE ဝတ်စုံ ဝတ်နည်း၊ချွတ်နည်းတွေကိုလည်း ကျွန်တော်တို့ကို သင်ကြားထားပေးပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ COVID-19 လူနာတွေကို ဖောင်ကြီးကုသရေးစင်တာကို ပို့ဆောင်ကုသနိုင်ဖို့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးပညာဌာနမှာ လူနာတင်ယာဉ်ငါးစီး အဆင့်သင့်ပြင်ဆင်ထားပြီး ၂၄ နာရီလုံး ပို့ဆောင်ပေးနိုင်ဖို့ တာဝန်ချထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်။