နည်းပညာလောကမှာ များသောအားဖြင့် အမျိုးသားတွေ ကြီးစိုးကြတာများပါတယ်။ ဒီနေ့တော့ နည်းပညာလောကအတွင်းက ထူးချွန်ထက်မြက်သူ အမျိုးသမီးကလေးတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ digital product designer ထိုင်းအမျိုးသမီးကလေး Ramida Juengpaisal ဖြစ်ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံမှာလည်း နည်းပညာလောကအတွင်း လွှမ်းမိုးထားသူတွေဟာ အမျိုးသားတွေသာ များပါတယ်။ အဲဒီထဲကမှ ထူးထူးခြားခြား မိန်းကလေးနည်းပညာရှင်တစ်ယောက်အနေနဲ့ ထွက်ပေါ်လာသူက Ramida Juengpaisal ပါ။ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရရှိစေဖို့အတွက် တတ်ကျွမ်းတဲ့ နည်းပညာနဲ့ ဖန်တီးချင်ခဲ့တာကတော့ သူမရဲ့ ရည်မှန်းချက်တစ်ခုပါပဲ။ Ramida နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ထိုင်းနိုင်ငံက ပြည်သူလူထုတွေ ကိုဗစ်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိစေနိုင်ဖို့အတွက် ပထမဆုံးသော COVID-19 tracker ဝက်ဆိုက်ကို တီထွင်ခဲ့ပါတယ်။
unwomenasia
Ramida Juengpaisal အကြောင်း တစေ့တစောင်း
Ramida Juengpaisal က နည်းပညာလောကအတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်းကိုလည်း ပြောပြပါတယ်။
“ကျွန်မကတော့ 5 Lab Group ရဲ့ digital product designer ဖြစ်သလို front-end developerတစ်ဦးလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ နည်းပညာကို အသုံးပြုပြီး လူ့အဖွဲ့အစည်းအတွက် အဓိပ္ပါယ်ရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အရင်တုန်းကတော့ နည်းပညာလောကမှာ မိန်းကလေးတွေ၊ အမျိုးသမီးတွေကို ဖယ်ကျဉ်ထားတဲ့ ကျားမဘက်လိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။ နည်းပညာလောကမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိပေမဲ့လည်း သူတို့ရဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေကို ပြသခွင့်မရှိခဲ့ကြပါဘူး။ နည်းပညာလောကမှာ အမျိုးသမီးတွေအများကြီး ပါဝင်လာဖို့ လိုပါတယ်”
Trackerကို ဖန်တီးဖို့ စိတ်ကူးရခဲ့ပုံ
ကိုဗစ်ရောဂါကပ်ရောဂါပြန့်ပွားလာချိန်မှာတော့ အထောက်အထားတွေ၊ သက်သေတွေ မပြနိုင်တဲ့ သတင်းများစွာဟာ ဆိုရှယ်မီဒီယာမှာ အမြောက်အမြား တင်လာကြပါတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူရှာဖွေဖို့ နေရာတစ်ခု မတွေ့ခဲ့တာက သူမကို COVID-19 tracker တစ်ခုတီထွင်စေဖို့ လမ်းစတစ်ခု စတင်ခဲ့တာပါ။
ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော COVID-19 tracker ကို ဘယ်လိုစိတ်ကူးနဲ့ တီထွင်ဖြစ်ခဲ့သလဲဆိုတာကို သူမက ခုလိုပြောပါတယ်။
news.trust.org
အစကောင်းခဲ့တဲ့ 5Lab ရဲ့ COVID Tracker
5Lab ရဲ့ COVID Tracker ဟာ ကျန်းမာရေး၀န်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ နားလည်လွယ်စေဖို့ ဆိုတဲ့ စိတ်ကူးနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ hackathon ကို တစ်ညအတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စတင်တဲ့ ၅ရက်မြောက်နေ့မှာပဲ သုံးစွဲသူလေးသန်းကျော် ရရှိခဲ့တာကြောင့် မျှော်မှန်းခဲ့တာထက် ပိုမိုတဲ့ ရလာဒ်ကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးသတင်းအချက်အလက်တွေကို ပိုမိုပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ တစ်မိနစ်ကို သုံးစွဲသူ ၄သောင်းကနေ ၅ သောင်းအတွင်းရှိပြီး ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကားနဲ့ ဂျပန်ဘာသာစကားတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
လူတွေကို အကျိုးပြုပေးနိုင်တဲ့ 5Lab ရဲ့ COVID Tracker
ဆိုရှယ်မီဒီယာမှာ သတင်းတုတွေ အများကြီးရှိပေမယ့် ဒါကို လူတွေက မသိကြပါဘူး။ 5Lab ရဲ့ COVID Trackerကတော့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့သတင်းအချက်အလက်တွေ၊ ရှောင်ကြဉ်ရမယ့် ရောဂါပြန့်ပွားနေရာနေရာတွေ ၊ ပိုးသတ်ထားတဲ့နေရာတွေ၊ အနီးအနားက ဆေးရုံတွေ ၊ ဆေးရုံအသီးသီးက ကိုဗစ်စမ်းသပ်စစ်ဆေးခကုန်ကျစရိတ်တွေကို တင်ပေးထားပါတယ်။ ဒီသတင်းအချက်အလက်တွေဟာ ရောဂါနဲ့ပတ်သက်ပြီး လူတွေရဲ့ အထိတ်တလန့်ဖြစ်စေမှုတို့ကို လျှော့ချပေးနိုင်မယ်လို့ ယုံကြည်ပါတယ် လို့ သူမရဲ့ COVID Trackerနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ပိုမိုကောင်းမွန်တဲ့ လူမှုဘဝကို ပေးချင်တဲ့အတွက် နည်းပညာလောကထဲဝင်ရောက်ခဲ့သူ
နည်းပညာကို စိတ်ဝင်စားရတဲ့ အကြောင်းရင်းကလည်း တကယ်ကို လေးစားစရာပါ။ သူမတတ်မြောက်တဲ့ နည်းပညာကို အသုံးချပြီး လူတွေရဲ့ နေထိုင်မှုပုံစံတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ သူမက ယုံကြည်နေပါတယ်။ နည်းပညာလောကမှာ အမျိုးသမီးပညာရှင်တွေကို ကိုယ်စားပြုမှုနည်းပါးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုကတော့ နည်းပညာဟာ အမျိုးသမီးတွေနဲ့ မသင့်တော်ဘူးလို့ ယူဆထားကြတာပါပဲ။ အခုတော့ ပြောင်းလဲလာပါပြီ လို့ သူမကဆိုပါတယ်။ ဒီလိုပြောင်းလဲလာဖို့လည်း သူမရဲ့ အရည်အချင်းတွေကို အများသိအောင် ပြသနေသူတစ်ယောက်ပါ။
abovewhispers.com
အမျိုးသမီးတွေအရေးကိုလည်း မမေ့လျော့သူ
“ကျွန်မကတော့ ကျွန်မလုပ်နေတာတွေက အရေးကြီးတဲ့ အရာတွေ၊ နောက် သတင်းအချက်အလက်ပွင့်လင်းမြင်သာမှုရှိဖို့ကလည်း အရေးကြီးတဲ့ သော့ချက်လို့ ယုံကြည်တယ်။ ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေက အစိုးရနဲ့ ပြည်သူကို ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်စေနိုင်တယ်၊ ဒါဆို ကိုဗစ်အတွက် ဆောင်ရွက်နေတဲ့ ရှေ့တန်းက လူတွေအတွက်လည်း သင့်တော်တဲ့ အထောက်အပံ့တွေ ရရှိစေနိုင်မယ်။ ကိုဗစ်ကာလမှာ ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်နေကြတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ နဲ့ တခြားဆောင်ရွက်နေသူတွေထဲမှာ အမျိုးသမီးတွေ အများကြီးပါဝင်ကြတယ်။ ဒါ့အပြင် ကျွန်မတို့ မမြင်နိုင်တဲ့ အလုပ်ကြိုးစားနေကြတဲ့ ၊ အရေးပါတဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနေကြတဲ့ အိမ်ဖော်တွေ ၊ အိမ်အကူတွေဟာလည်း အမျိုးသမီးတွေပါပဲ။ ဒီကာလမှာ အိမ်မှာပဲ နေထိုင်နေရတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာတာကိုလည်း မီဒီယာတွေက တစ်ဆင့် မြင်တွေ့ကြမှာပါ။” လို့ ကိုဗစ်ကာလအတွင်း ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေကို ချီးမွမ်းထောပနာပြုခဲ့သလို အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ မိန်းကလေးတွေအတွက်လည်း ထုတ်ဖော်ပြောဆိုပေးခဲ့ပါသေးတယ်။
ဒီလို ထူးချွန်ထက်မြက်ပြီး နည်းပညာလောကမှာ အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းများစွာကို ပြသနိုင်ခဲ့တဲ့ အမျိုးသမီးလေးကတော့ သူမ ယုံကြည်ရာ ၊ စိတ်ဝင်စားရာ နယ်ပယ်မှာ လူရော စိတ်ရောပါ နစ်မြှုပ်ရှင်သန်အောင်မြင်နေပါတယ်။
မဒီတို့လည်း ကိုယ်က မိန်းကလေးဆိုတဲ့ အကြောင်းပြချက်ကို မေ့ထားပြီး ကိုယ်သာ စိတ်ပါဝင်စားမယ်၊ ဝါသနာပါမယ်ဆိုရင် လူခွန်အား၊ စိတ်ခွန်အားတွေ စိုက်ထုတ်ပြီး ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။