• Covid ကာလမှာ အခက်အခဲဖြစ်နေတဲ့ အနုပညာရှင်တွေနဲ့ အတိုင်ပင်ခံ တွေ့ဆုံမယ်

Covid ကာလမှာ အခက်အခဲကြုံတွေ့နေရတဲ့ ရုပ်ရှင်လောကသားတွေအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ၊ မင်္ဂလာရုပ်ရှင်ရုံဥက္ကဌ တို့က အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးရေးလုပ်ငန်းတွေ နဲ့ ရုပ်ရှင်ရုံတွေဟာ Covid - 19 ကူးစက်ရောဂါကြောင့် မတ်လ အစကတည်းက ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ ရပ်နားလိုက်ရတာ အခုဆိုရင် အချိန်ကာလ (၄) လကြာမြင့်ခဲ့ပါပြီ ။ 

image

အနုပညာအလုပ်တွေ ရပ်နားလိုက်တဲ့ အချိန်မှာ အနုပညာလောကသားတွေ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ အကြောင်းကို မင်္ဂလာရုပ်ရှင်ရုံအုပ်စု ဥက္ကဌ ဦးဇော်မင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဇူလိုင်(၂၈) ရက်နေ့ မနက်က အွန်လိုင်းဆွေးနွေးပွဲမှာ တင်ပြပြောဆိုခဲ့တာပါ။ 

Covid ကာလမှာ အခက်အခဲ ကြုံနေရတဲ့ အနုပညာရှင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးသွားဦးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံက ဒီနေ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။ “ ရုပ်ရှင်လုပ်ငန်းတွေ အကြောင်းပြောရင်းနဲ့ တချို့တွေက ရုပ်ရှင်သရုပ်ဆောင်တွေများ ပါလာမလား ဆိုပြီးတော့ စဉ်းစားတဲ့သူတွေများ ရှိမလား မသိပါဘူး။ ပါလာစေချင်တဲ့ သူတွေကလည်း များမှာပေါ့။ နောက် တစ်ကြိမ် တစ်ခါမှာတော့ အနုပညာရှင်တွေနဲ့ သပ်သပ် ဆွေးနွေးတာ ကျွန်မ လုပ်ပါမယ်။ ဒီအချိန်မှာလည်း Covid ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ အကူအညီကို ယူရင်ကောင်းမလား၊ ဥပမာ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်က ကျွန်မကတော့ ဘယ်သူပါပေါ့ ၊ ပြည်သူတွေကို မေတ္တာထားပြီးတော့ စကားလက်ဆောင်လေးပါးချင်ပါတယ်။ Mask တပ်ဖို့၊ လက်ဆေးဖို့၊ လူစုလူဝေး ရှောင်ဖို့ ဒါလေးတွေ လုပ်ပေးရင် ပိုထိရောက်မလားပေါ့။ တစ်ယောက်စီ ပြောင်းသွားရင် လူတွေ ပိုစိတ်ဝင်စားမလားပေါ့နော်။ ပြည်သူတွေ သိစေချင်နေတဲ့ အရာကို စိတ်ဝင်စားလာမလားပေါ့။ ဥက္ကဌ ဦးညီညီထွန်းလွင်နဲ့ ရုပ်ရှင်ရုံ ဥက္ကဌ ဦးဇော်မင်းတို့ကိုလည်း အကူအညီတောင်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Aung San Su Kyi Facebook

ဒီဆွေးနွေးမှုမှာ အဓိက အချက်အနေနဲ့ ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင် ထုတ်လုပ်သူများ အနေနဲ့ကလည်း Covid ကာလမှာ အခက်အခဲများစွာ ကြုံနေရတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ထံမှ ချေးငွေရရှိနိုင်ဖို့ အတွက်ကို ဦးဇော်မင်းက တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ အနုပညာလောကသားများအတွက် ချေးငွေ တောင်းဆိုလာမှု အပေါ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံက အခုလိုပြန်လည်ပြောကြားပါတယ်။ “ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က ရုပ်ရှင်ရုံတွေ အတွက်ရော၊ ရုပ်ရှင်လုပ်ငန်းတွေ အတွက်ရော ထည့်စဉ်းစားရမှာပါ။ ရေရှည်လည်း စဉ်းစားရတယ်၊ ရေတိုလည်း စဉ်းစားနေတဲ့အတွက် တတ်နိုင်ရင်တော့ အကုန်လုံးကို ပံ့ပိုးပေးချင်တာပါ။ ရုပ်ရှင်လုပ်ငန်းတွေကိုလည်း အောင်မြင်စေချင်တယ်။ အခုခေတ်မှာ ဖျော်ဖြေရေး လုပ်ငန်းဆိုတာလည်း အင်အား တစ်ခုပဲဆိုတာ တစ်ကမ္ဘာလုံးက သတ်မှတ်ထားပါတယ်။ နိုင်ငံရဲ့ ရေရှည်အကျိုးအတွက် အနုပညာလုပ်ငန်းတွေကိုလည်း အားပေးရမယ် ဆိုတာကလည်း မူဝါဒ တစ်ခုဖြစ်ပါတယ် ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Aung San Su Kyi Facebook

 ရုပ်ရှင်လုပ်ငန်းတွေ ရပ်နားခဲ့ရတာကြောင့် ဇာတ်ပို့ဇာတ်ရံတွေနဲ့ ဟာသအနုပညာရှင်အများစုဟာ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ Covid ကြောင့် (၄) လအကြာရပ်နားလိုက်ရတဲ့ ရုပ်ရှင်လုပ်ငန်းတွေကို ဇူလိုင်လ (၂၇) ရက်နေ့ကစပြီး ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပြန်လည်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုလိုက်ပြီလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တရားဝင် ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က