• Featured

    ဒေါ်လာ ၉၈၀၀၀ တန် ခေတ်ရှေ့ပြေး စမတ်အိမ်ငယ်တစ်မျိုး စင်ကာပူကုမ္ပဏီတစ်ခု မိတ်ဆက်

Nestron ရဲ့ စမတ်အိမ်ငယ်ဒီဇိုင်းတွေထဲမှာ ဒီတစ်ခေါက် C2X မော်ဒယ်က အကြီးဆုံးလို့ ပြောနိုင်ပါတယ်။

စင်ကာပူဆောက်လုပ်ရေးကုမ္ပဏီ Nestron ဟာ နည်းပညာမြင့် စမတ်အိမ်ငယ်တစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။

Nestron ဟာ ဆန်းသစ်တီထွင်မှုရှိတဲ့ အိမ်ငယ်လေးတွေ တည်ဆောက်ရင်း နာမည်ကြီးတဲ့ စင်ကာပူကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီတစ်ခေါက်မိတ်ဆက်တဲ့ စမတ်အိမ်လေးကို Cube Two X လို့ နာမည်ပေးထားတာပါ။ Cube Two X ဟာ Nestron ရဲ့ အကျော်ကြားဆုံး unit တစ်ခုဖြစ်တဲ့ မူလဗားရှင်း Cube Two ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ်သစ်လည်း ဖြစ်ပါတယ်. 

စတူဒီယိုစတိုင် အိမ်ခန်းငယ်လေးဖြစ်ပေမယ့် ဒီဇိုင်းနဲ့ ဖွဲ့စည်းမှုဟာ မြင်နေကျ အဆောက်အဦပုံစံနဲ့ လုံးလုံးလျားလျားကွဲပြားနေပါတယ်။ အရင် Cube Two (C2) ဟာ စတုရန်းပေ ၂၆၃ ပေ ရှိပြီး Cube Two X (C2X) မော်ဒယ်မှာ စတုရန်းပေ ၃၇၇ ပေနီးပါးအထိ တိုးချဲ့လာပါတယ်။ Nestron ရဲ့ စမတ်အိမ်ငယ်ဒီဇိုင်းတွေထဲမှာ ဒီတစ်ခေါက် C2X မော်ဒယ်က အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ 



တခြား Cube Series စမတ်အိမ်တွေအတိုင်း C2X ဒီဇိုင်းဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ အနာဂါတ်ခေတ်ရှေ့ပြေး အာကာသယာဉ်အစိတ်အပိုင်းတွေကနေ မှီးထားတာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ မားကတ်တင်းဌာနမှ Choco Toh က ဆိုပါတယ်။ AI နည်းပညာသုံး C2X စမတ်အိမ်တွေမှာ အရင်မော်ဒယ်နဲ့ မတူဘဲ ထူးခြားတာက တစ်ယောက်အိပ်ခန်းနဲ့ နောက်တစ်ခုက နှစ်ယောက်အိပ်ခန်းအတွက်ဆိုပြီး Floor Plan option ဒီဇိုင်းနှစ်မျိုး ပါလာတာပါ။ 

တစ်ယောက်အိမ်ခန်း Unit မှာ လူ ၃ ယောက်အထိ နေနိုင်ပြီး နှစ်ယောက်အိပ်ခန်းပါတဲ့ C2X ဒီဇိုင်းမှာ လူ ၄ ဦးအထိ နေသာမယ်လို့ ဆိုပါတယ်။ ဒီ Layout ဗားရှင်း နှစ်မျိုးစလုံးမှာ လျှောက်လမ်း , ဧည့်ခန်း ၊ မီးဖိုချောင် ၊ ထမင်းစားခန်း ၊ ရေချိုးခန်းနဲ့ အနည်းဆုံးအိပ်ခန်းတစ်ခန်းပါရှိမှာပါ။ အိမ်သေးသေးမှာ နေရသူတွေ စိတ်မွန်းကြပ်မနေစေဖို့ ဧရာမပြတင်းပေါက်ကြီးတွေလည်း တပ်ဆင်ပေးထားပါတယ်။ 

တစ်ယောက်နေ One-Bedroom Layout မှာ ကောင်းကင်ကို မြင်နိုင်မယ့် Skylight အပိုတစ်ခုနဲ့ နှစ်ဖက်ဖွင့်ရေခဲသေတ္တာတစ်ခု ပါရှိပြီး Two-Bedroom C2X မှာ Single-Door ရေခဲသေတ္တာထည့်ပေးထားတယ်လို့ ဆိုပါတယ်။ စမတ်အိမ်ဖြစ်တဲ့အတိုင်း Toilet နဲ့ မှန်တွေကို အသံနဲ့ အထိအတွေ့သိ Units တွေအဖြစ် ပုံစံပြောင်းထားပြီး အိမ်ရဲ့ လုပ်ဆောင်ချက်တွေ ထိန်းချုပ်တာ ၊ personal calendar ဇယားစစ်ဆေးတာတွေ လုပ်ဆောင်နိုင်မှာပါ။ 

စမတ်နည်းပညာမြင့် ပရိဘောဂတွေအပြင် Nestron ဟာ Canny လို့ ခေါ်တဲ့ AI Assistant တစ်မျိုးလည်း ဖန်တီးထားပါတယ်။ ဒီ AI System က ပိုင်ရှင်အတွက် မနက်ဖက် ကော်ဖီဖျော်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အိမ်တွင်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို လျှော့ချဖို့ ဗီရိုတွေထဲနဲ့ အိပ်ရာကုတင်တွေအောက်မှာ လှုပ်ရှားမှုသိအာရုံခံစနစ်သုံး မီးလုံးတွေ တပ်ဆင်ထားပါတယ်။ 

Photo: newatlas


C2X မော်ဒယ်တွေကို Nestron အနေနဲ့ ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ပြီး နောက်နှစ်ဆန်းပိုင်းလောက်မှာ ဈေးကွက်ထဲ တင်ဖို့ ရှိပါတယ်။ ဖောက်သည်တွေဆီကလည်း Cube Two အိမ်တွေ အော်ဒါမှာယူဖို့ စုံစမ်းမှုတွေ အများအပြားရရှိထားတယ်လို့လည်း Toh က ပြောပါတယ်။ Nestron ရဲ့ ဖောက်သည် ၇၀% ကျော်ဟာ အမေရိကန်က ဖြစ်ပြီး ယူကေဈေးကွက်ထဲလည်း တင်သွင်းမှုတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ 

Covid -19 ကပ်ရောဂါအတွင်းမှာ Nestron အနေနဲ့ အောင်မြင်မှုတွေ ရရှိထားပြီး ကုမ္ပဏီဝက်ဘ်ဆိုက်ထဲ အိမ်အကြောင်း မေးမြန်းစုံစမ်းမှုတွေ တဟုန်းထိုးမြင့်တက်လာနေတယ်လို့လည်း ဆိုပါတယ်။ Cube Two (C2) အိမ်တွေကို ဒေါ်လာ ၅၂၀၀၀ (မြန်မာငွေ သိန်း ၇၅၀ ကျော်) ဈေးနဲ့ ရောင်းချခဲ့ပြီး အသစ်ထွက်မယ့် Cube Two X ကိုတော့ ဒေါ်လာ ၉၈၀၀၀ (မြန်မာငွေ သိန်း ၁၄၀၀ကျော် ) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က