အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တည်ထောင်လိုက်တဲ့ လူမှုကွန်ရက်ကုမ္ပဏီသစ်ဟာ ရင်းနှီးမြှပ်နှံသူတွေဆီက ငွေရင်း ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတဟောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက Trump Media & Technology Group (TMTG) ဆိုပြီး လူမှုကွန်ရက်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တာပါ။ TMTG ဟာ Twitter နဲ့ သူ့ကို ပိတ်ပင်ထားတဲ Social Media ပလက်ဖောင်းတွေကို ယှဉ်ပြိုင်မယ့် Truth Social ဆိုတဲ့ messaging app သစ်တစ်ခုလည်း ဖြန့်ချိဖို့ လုပ်နေပါတယ်။ TMTG ကတာ့ နိုဝင်ဘာလထဲမှာ Truth Social app ကို Beta launch လွှင့်တင်ပြီး နောက်နှစ် ပထမသုံးလပတ်အတွင်း public ဖြန့်ချိမယ်လို့လည်း ကြေညာခဲ့တာာပါ။

Photo: Financial Times
အမေရိကန်စတော့အိတ်ချိန်း ဈေးကွက်တစ်ခုဖြစ်တဲ့ Nasdaq ပေါ် ရောက်လာမယ့် TMTG ဟာ အမေရိကန်စတော့ဈေးကွက်ထဲ ဝင်ဖို့ ပြင်နေချိန်မှာ ရင်းနှီးမြှပ်နှံသူတွေဆီက ဒေါ်လာ ၁ ဘီလျံ ရဖို့ သဘောတူညီချက်ရထားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ "ဒေါ်လာ ၁ ဘီလျံက Big Tech တွေအတွက် အရေးပါတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာပဲ" လို့ ရံပုံငွေရကြောင်း ကြေညာချက်မှာ သမ္မတဟောင်း ထရမ့်က ပြောထားပါတယ်။
"ကျွန်တော်တို့ မျှခြေစာရင်း တိုးလာတာနဲ့အမျှ Trump Media & Technology Group ဟာ Big Tech တွေရဲ့ နိုင်လိုမင်းထက်လုပ်မှုကို ရင်ဆိုင်ရာမှာ ပိုပြီး ကြံ့ခိုင်သန်မာတဲ့အခြေအနေ ရောက်လာပါလိမ့်မယ်" လို့ သမ္မတဟောင်းက ဆိုပါတယ်။
Photo: thecorrespondent
အခုလို ဘဏ္ဍာရေး ကျောထောက်နောက်ခံပေးမယ့်သူတွေကို သမ္မတဟောင်းအနေနဲ့ ဆွဲဆောင်နိုင်ခဲ့တာဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးအမှတ်လက္ခဏာကြောင့် ဖြစ်တယ်လို့လည်း Reuters သတင်းက ဖော်ပြပါတယ်။ ရင်းနှီးမြှပ်နှံသူတွေရဲ့ နာမည်နဲ့ ကုမ္ပဏီအကြောင်းတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
TMTG ဟာ Digital World Acquisition Group နဲ့ ပူးပေါင်းမှု လုပ်မယ်လို့လည်း သတင်းတွေ ထွက်နေပြီး တကယ်လို့ ပူးပေါင်းမယ်ဆိုရင် အာမခံဥပဒေချိုးဖောက်မှု ဖြစ်နိုင်ခြေရှိမရှိ စုံစမ်းဖို့ ငွေချေးစာချုပ်နဲ့ သက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင် ဥက္ကဌဂယ်ရီ ဂျန်စလာကို အမေရိကန်လွှတ်တော်အမတ် အယ်လီဇဘတ် ဝါရင်းက တောင်းဆိုထားပါတယ်။