Sony ကုမ္ပဏီဟာ နာမည်ကျော် ဗွီဒီယိုဂိမ်းစတူဒီယိုတစ်ခုဖြစ်တဲ့ Bungie ကို ဒေါ်လာ ၃.၆ ဘီလျံနဲ့ ဝယ်ယူလိုက်တယ်လို့ ဆိုပါတယ်။
Bungie ဟာ Halo ဗွီဒီယိုဂိမ်းစီးရီးတွေနဲ့ Destiny ဗွီဒီယိုဂိမ်း Franchise တို့ကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ဂိမ်းစတူဒီယိုတစ်ခုဖြစ်ပြီး အခုအရောင်းအဝယ်ကြောင့် Bungie ဟာ Sony Interactive Entertainment (SIE) မိသားစုဝင်တစ်ခုဖြစ်လာမှာပါ။ Bungie အမှုဆောင်အရာရှိချုပ် ပီတီ ပါဆန်းစ်ကတော့ ကုမ္ပဏီဟာ ဂိမ်းတွေကို လွတ်လွတ်လပ်လပ် ဆက်ပြီး ထုတ်လုပ်မှာ ဖြစ်သလို ဖန်တီးမှုနဲ့ပဲ ရှေ့ဆက်ပြီး ဂိမ်းသစ်ဖွံ့ဖြိုးရေးတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
Photo: CNBC
SIE ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် ဂျင်မ် ရိုင်ယန်က “Bungie ရဲ့ ပလက်ဖောင်းစုံ ဖွံ့ဖြိုးမှုနဲ့ Live Game ဝန်ဆောင်မှုတွေမှာ ကမ္ဘာ့အဆင့် ကျွမ်းကျင်မှုတွေက PlayStation မှာ ဂိမ်မာ သန်းရာပေါင်းများစွာ တိုးပွားလာရေးမျှော်မှန်းချက်ကို ဖြည့်တင်းကူညီပေးနိုင်မှာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။
Bungie ကို အခုလို ဝယ်ယူလိုက်တာဟာ ဗွီဒီယိုဂိမ်းသမိုင်းမှာ အကြီးဆုံးဂိမ်းတချို့ကို ရေးဆွဲခဲ့တဲ့ ဂိမ်းစတူဒီယိုတစ်ခုကို အင်အားကြီးကုမ္ပဏီတစ်ခုက သိမ်းပိုက်လာတဲ့ခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ SIE အမှုဆောင်အရာရှိချုပ် ဂျင်မ် ရိုင်ယန်ကတော့ ကုမ္ပဏီရဲ့ အနာဂါတ်မှာ နောက်ထပ် လုပ်ငန်းဝယ်ယူမှုတွေ ရှိလာဦးမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ Microsoft ကလည်း နာမည်ကျော် Call of Duty နဲ့ World of Warcraft ဂိမ်းစီးရီးတွေကို ရေးဆွဲခဲ့တဲ့ Activision Blizzard ကို စံချိန်တင် ဒေါ်လာ ၆၈.၇ ဘီလျံနဲ့ ဝယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။ Microsoft ရဲ့ ဝယ်ယူမှုဟာ ဂိမ်းထုတ်လုပ်ရေးအပြင် နောင်တစ်ချိန် Metaverse ပလက်ဖောင်းဖွံ့ဖြိုးရေးပိုင်းအတွက်ပါ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။