နောက်လသို့ ပြန်ချိန်းလိုက်ပါတယ်။
ဒီနေ့(ဧပြီလ၁၁ရက်)မှာ ပြုလုပ်တဲ့ (၇)ကြိမ်မြောက် ရုံးချိန်းသို့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော် တက်ရောက်လာခြင်း မရှိပါဘူး။

(၃)ကြိမ်မြောက် ရုံးချိန်းသို့ တက်ရောက်ခဲ့စဉ်က



ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(ဧပြီ၁၁ရက်)မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းသို့ တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့မှာ အမှုမစစ်ဖြစ်ခဲ့သလို ရုံးချိန်းကိုလည်း နောက်လသို့ ထပ်မံ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

“ဒီနေ့က ဝေဠုကျော် ရုံးချိန်းမလာလို့ပါ။ အထူးတလည်ဘာမှတော့မရှိပါဘူး။ အမှုမှာက နှစ်ဖက် အားတာရှိမယ် မအားတာရှိမယ်။ ဒါကို ကြန့်ကြာတယ်လို့ ပြောလို့မရပါဘူး။ အမှုက အခုမှ အစပဲ ရှိပါသေးတယ်။ ရုံးတော်ကလည်း အစွမ်းကုန်လုပ်ပေးနေပါတယ်။ နှစ်ဖက်အမှုသည်ကြားမှာ တရားမျှတမှုရှိအောင် လုပ်ပေးတယ်။ အခက်အခဲမရှိပါဘူး။ ကြန့်ကြာတယ်လို့ မခံစားရပါဘူး။” လို့ တရားလိုရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

(၆)ကြိမ်မြောက်ရုံးချိန်း အချိန်တုန်းက ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဖိုးဖြူက အမှန်တရားဖော်ထုတ်မှုတွေကို ဆက်လက်စောင့်ကြည့်ပေးဖို့အတွက် မီဒီယာကနေ တစ်ဆင့်ပြောပြခဲ့ပါတယ်။

“ကိုဝေဠုကျော်ဘက်ကလည်း တင်ပြစရာအထောက်အထားတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပြနိုင်အောင် ကျွန်တော်တို့အားလုံး ကြိုးစားထားပါတယ်။ ပရိသတ်ကြီးကိုလည်း ကိုဝေဠုကျော်ရဲ့ အမှန်တရားဖော်ထုတ်မှုတွေကို ဆက်လက်စောင့်ကြည့်ပါ။ အမှန်တရားပေါ်မှာ ဆက်လက်ပြီးတော့ ရပ်တည်အားပေးသွားပါ။ ကျွန်တော်တို့ကလည်း တရားမျှတမှုကို မရရအောင် ရှာဖွေဖော်ထုတ် သွားပ့ါမယ်လို့ ကျွန်တော်တို့က ကတိပြုချင်ပါတယ်။” လို့ မတ်လ( ၂၈ရက်)က ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဝေဠုကျော်နဲ့ သင်းသင်းတို့ရဲ့ ရုံးချိန်းကို တရားရုံးက မေလ(၆)ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။ အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က