ပိုလန်နည်းပြဟောင်းတယောက်ဖြစ်တဲ့ ပစ်ချ်နီချက်က မက်ဆီတယောက် ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားမယ့်အပေါ် ဝေဖန်ပြောကြားလာတယ်လို့ သိရှိရပါတယ်။ အာဂျင်တီးနားနဲ့ပိုလန်တို့ဟာ ကမ္ဘာ့ဖလားမှာ တအုပ်စုတည်းကျရောက်နေတဲ့အသင်းတွေလည်းဖြစ်ပါတယ်။


အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီနဲ့ ပတ်သက်လို့တော့ ပိုလန်လက်ရွေးစင်နည်းပြဟောင်း ပစ်ချ်နီချက်က “တကယ်လို့ မက်ဆီသာ (၅) နှစ် (၆) နှစ် အခုထက်ပိုငယ်နေမယ်ဆိုရင် ဒါက စိတ်ဝင်စားဖို့ကောင်းမှာပါ။ အရိုးသားဆုံးပြောရအောင်ဗျာ။ မက်ဆီက အခုဆိုရင် အဘိုးအရွယ်လောက်ဖြစ်နေပြီလေ”
“လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မက်ဆီလိုမျိုးမဟုတ်တော့ပါဘူး။ နောက်ပြီး ကာတာကမ္ဘာ့ဖလားမှာ သူဘယ်နေရာက ဝင်ကစားမလဲဆိုတာကလည်း မရှင်းမလင်းပါ။ နည်းပြက သူ့ကိုအရံခုံထိုင်ခိုင်းတာမျိုးဖြစ်မှာပါ။ လက်ရှိ သူ့ရဲ့ခြေစွမ်းအရပေါ့။ ဆွီဒင်မှာ အီဘရာဟီမိုဗစ် အရံခုံထိုင်ရသလိုပေါ့ဗျာ။ နောက်ဆုံး (၁၅) မိနစ်၊ မိနစ် (၂၀) လောက်တော့ ကစားရမှာပါ”
“မက်ဆီအတွက် ကာတာကမ္ဘာ့ဖလားက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူ အခု ပီအက်စ်ဂျီမှာ ပြသနေတဲ့ ခြေစွမ်းကိုကြည့်လိုက်ရင် အရင်ကလို ခြေစွမ်းမျိုးမရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီတလျှောက်လုံး ပီအက်စ်ဂျီမှာ တည်ငြိမ်တဲ့ခြေစွမ်းတခု ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ မနေ့က ကစားခဲ့တဲ့ လော်ရီယန့်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာတော့ မက်ဆီက အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။