• Featured

    ဒီနှစ်မှာ ရီးရဲလ်ကစားသမားတယောက် (၁၀) ဂိုးမသွင်းနိုင်ရင် အနားယူမယ့် အန်ဆယ်လော့တီ

လိုက်ပ်ဇစ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။
[Zawgyi Version]

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လက်ရှိ ဘောလုံးရာသီမှာ ကွင်းလယ်လူ ဖီဒီဗယ်လ်ဗာဒီသာ သွင်းဂိုး (၁၀) ဂိုးမရရှိခဲ့ဘူးဆိုရင် နည်းပြလောကကနေ အနားယူသင့်ပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်စကားပြောကြားခဲ့ပါတယ်။ မနေ့ညက လိုက်ပ်ဇစ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ အန်ဆယ်လော့တီက အခုလိုပဲ ပြောခဲ့တာပါ။

ဒီပွဲမှာ ဗယ်လ်ဗာဒီက အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အဆန်စီယိုက ပွဲကစားချိန်မိနစ် (၉၀) မှာ ပွဲသိမ်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗယ်လ်ဗာဒီက နောက်ဆုံးကစားခဲ့တဲ့ မာယော့ကာနဲ့ပွဲမှာလည်း တကိုယ်တော်အစွမ်းနဲ့ အသင်းအတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ် ဒီဥရုဂွေးသားနဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက “ပြီးခဲ့တဲ့နှစ်မှာ ဗယ်လ်ဗာဒီ တဂိုးပဲ သွင်းနိုင်ခဲ့တာ တော်တော်ထူးဆန်းတယ်ဗျ”

“ကျနော်ထင်တယ်၊ သူ စူပါဖလားပွဲမှာ သွင်းတာလား မသိပါဘူး။ ဒီလိုကစားသမားမျိုးဆီက တရာသီ (၁၀) ဂိုးမှ မရနိုင်ဘူးဆိုရင် ခင်ဗျားသာဆိုလည်း နည်းပြမလုပ်စားဘဲ အနားယူသင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သန်မာတဲ့ ခြေထောက်တစုံကို ပိုင်ဆိုင်ထားလို့ပါ။ ဒီညလည်း သူက ဘယ်ခြေနဲ့ ဂိုးသွင်းပြန်ပါပြီ။ သူ ဘယ်ခြေနဲ့ ဒါမျိုး ကန်တာ ကျနော် တခါမှမမြင်ဖူးပါဘူး”

“ဒီတော့ သူ့ရဲ့ အရည်အသွေးအပေါ်မှာ သူက ယုံကြည်ရှိတာကို သက်သေပြနေတာပေါ့။ သူ့မှာ အခြားအရည်အချင်းတွေလည်း အများကြီးရှိပါတယ်။ ခွန်အားရှိတယ်ဆိုတာထက်တောင် ပိုပါတယ်။ ဒါပေမယ့် သူကစားတဲ့နေရာမှာ သူက အကောင်းဆုံးလို့ပြောဖို့ကတော့ နည်းနည်းလေး စောင့်ရပါဦးမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။




ဗယ်လ်ဗာဒီဟာ လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ (၈) ပွဲ ပါဝင်ကစားပြီးချိန်မှာ သွင်းဂိုး (၃) ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ အန်ဆယ်လော့တီပြောသလိုမျိုး (၁၀) ဂိုးပြည့်ဖို့အတွက်ဆိုရင်တော့ ဒီကစားသမားက နောက်ထပ် (၇) ဂိုးသာ ထပ်မံသွင်းယူနိုင်ဖို့ လိုအပ်ပါတော့တယ်။ 

Share

Loading Next Article...