ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်သုံးစွဲခ နှုန်းထားတေကို မကြာခင်မှာ ပြောင်းလဲသတ်မှတ်တော့မယ့်အပြင် ဝိုင်ဖိုင်အသုံးပြုခနှုန်းထားတွေကိုပါ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး စျေးနှုန်းတိုးမြင့်ကောက်ခံတော့မယ်လို့ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သုံးစွဲသူတွေဆီကို အသိပေးကြေညာလိုက်ပါတယ်။
Ooredoo Supernet wifi စက်တွေရဲ့လက်ရှိ လစဉ်သက်တမ်းတိုးကြေးက ရက် ၃၀ ကို ၄၅,၀၀၀ ကျပ်၊ ရက် ၉၀ အတွက်ကို ၁၂၀,၀၀၀ ကျပ် ဈေးနှုန်းသာရှိပေမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး သက်တမ်းတိုးနှုန်းက ရက် ၃၀ ကို ၇၅,၀၀၀ ကျပ်၊ ရက် ၉၀ ကို ၂၀၀,၀၀၀ ကျပ်အထိ မြင့်တက်မှာဖြစ်တယ်လို့ သိရပါတယ်။
" လောလောတယ် အော်ရီဒူး က တရားဝင်အသိပေးလာတယ်။ ဝိုင်ဖိုင် ရက် ၉၀အတွက် ၁၂၀၀၀၀ ကနေ ၂ သိနိးအထိတက်သွားမယ်ဆိုတော့ သူံးစွဲသူတွေအနေနဲ့ခုရက်အတွင်းသက်တမ်းတိုးထားသင့်တယ်။ လောလောဆယ်တရားဝင်ကြေညာတာ အော်ရီဒူး တစ်ခုပဲရှိသေးတယ်ဆိုပေမယ့်တခြားကုမ္ပဏီတွေလည်း စျေးနှုန်းတက်မှာပါ " လို့ wifi စက်သက်တမ်းတိုးဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောပါတယ်။
အင်တာနက်သုံးစွဲခနူန်းထားတွေကတော့ စျေးနှုန်းပြောင်းလဲမယ်ဆိုတာသာသိရပြီး စျေးနှုန်းအတိအကျကို အော်ရီဒူး အပါအဝင် အော်ပရေတာအားလုံးက ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ - One Kyat
အော်ပရေတာတွေကတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေကို မကြာခင် ပြောင်းလဲသွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၂ ရက်နေ့ထဲက ကြေငြာခဲ့တာဖြစ်ပါတယ်။
" အော်ရီဒူးက မက်ဆေ့လည်းပို့တယ်။သူတို့ Call Center ကို ဆက်သွယ်ရင်လည်းအစမှာကြေညာထားတာတွေ့ပါလိမ့်မယ်။ အပြင်မှာကတော့ ၉၉၉ ကျပ်ဖိုးဝယ်ရင် အရင်လောက်မရတော့ဘူးလို့သတင်းထွက်နေတယ်။ အခုတောင်အင်တာနက်သုံးရတာ ဘေတအားကုန်နေတာ ဒါကိုထပ်တက်ရင်တော့ မွဲရချည်ရဲ့ " လို့ အင်တာနက်သုံးစွဲသူတစ်ဦးကပြောပါတယ်။
ပြောင်းလဲသတ်မှတ်မယ့် ဖုန်းပြောခ၊အင်တာနက်သုံးစွဲခတွေနဲ့ပတ်သက်လို့ တရားဝက်ကြေညာတာမရှိသေးပေမယ့် ပြင်ပလူမှုကွန်ယက်မှာတော့ အင်တာနက်သုံးစွဲခနှုန်းထားသည် 1GB ကို၂၈၀၀ကျပ်ကနေ ၅၀၀၀ အထိ စျေးတက်မယ်ဆိုပြီး သတင်းတွေထွက်နေတာတွေ့ရပါတယ်။
လက်ရှိမှာတော့ အူရီဒူးနဲ့ တယ်လီနောရဲ့ အင်တာနက်သုံးစွဲခနှုန်းတွေက 925 mb ကို 999 ကျပ်ဖြစ်ပြီး MPT က 935 mb ကို 999 ကျပ် ၊ မိုင်တဲက 920 mb ကို 968 ကျပ်ဖြစ်ပါတယ်။
ဖုန်းပြောခတွေကတော့ MPT က တစ်မိနစ်ကို ၂၈ ကျပ်၊ တယ်လီနောနဲ့ အူရီဒူး ကတော့ တစ်မိနစ်ကို ၃၉ ကျပ် ကျသင့်တာကို တွေ့ရတယ်လို့ သိရပါတယ်။
Share