ရှန်ဟိုင်းအခြေစိုက် CINNO Research ရဲ့ အချက်အလက်တွေအရ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း Apple ဟာ ရောင်းအားမြင့်တက်မှု အမြန်ဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Apple ဟာ ဧပြီလကနေ ဇွန်လအတွင်း စမတ်ဖုန်းအလုံးရေ ၁၃ သန်း ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက် ရောင်းအား ၆၂% တိုးလာခဲ့တယ်လို့ CINNO Research က ဖော်ပြထားပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ နှစ် ဧပြီ-ဇွန် ဒုတိယသုံးလပတ်မှာ တရုတ်နိုင်ငံအတွင်း iPhone အလုံးရေ ၇.၄ သန်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo: CNBC
၂၀၂၀ ပထမသုံးလပတ်အတွင်း Apple ဟာ တရုတ်ဈေးကွက်မှာ iPhone အလုံးရေ ၄ သန်းပဲ ရောင်းချနိုင်ခဲ့တာ ဖြစ်လို့ ရောင်းအားရာခိုင်နှုန်း ၂၂၅% အထိ စံချိန်တင် မြင့်တက်သွားတာ ဖြစ်ပါတယ်။ iPhone 11 စီးရီးဈေးလျှော့ပေးလာခြင်း နဲ့ ဈေးနှုန်းသင့်တင့်တဲ့ iPhone SE သစ်တွေ လူကြိုက်များလာခြင်းက Apple ရဲ့ iPhone ရောင်းအားကို မြင့်တက်စေခဲ့တာပါ။
မေလကုန်ပိုင်းမှာ Apple ဟာ Alibaba ပိုင် Tmall ၊ JD.com နဲ့ Apple Official store တွေကနေ iPhone 11 စီးရီးကို လျှော့ဈေးတွေနဲ့ ရောင်းချခဲ့တယ်လို့ CNBC သတင်းက ဆိုပါတယ်။ Tmall မှာ iPhone 11 64GB တစ်လုံးကို အရင် ၅၄၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်း ၇ သောင်းခန့်)ကနေ ၄၇၇၉ ယွမ် (မြန်မာငွေ ၉ သိန်း ၃ သောင်းခန့်) အထိ ၁၃% ဈေးချပေးခဲ့ပါတယ်။
Photo: Nikkei Asian Review
iPhone 11 Pro နဲ့ Pro Max တို့ကိုလည်း လျှော့ဈေးနဲ့ ရောင်းချခဲ့သလို နောက်ဆုံးထွက်ထားတဲ့ iPhone SE သစ်ကိုလည်း ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲခန့်) ကနေ ၃၀၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခန့်) ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ တရုတ်ဈေးကွက်မှာ Huawei ဟာ အင်အားအကြီးဆုံး ဖြစ်ပြီး ဒုတိယသုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ ၃၆.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကထက် ၁၄% ရောင်းအားတက်ခဲ့ပါတယ်။
Apple ဟာ တရုတ်ဈေးကွက်မှာ Huawei ၊ Vivo နဲ့ OPPO တို့ ပြီးရင် စတုတ္တအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အရောင်းအဝယ်တန့်မှုကနေ ပြန်လည်နလန်ထလာတဲ့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်မှာ Apple ရဲ့ iPhone ရောင်းအားဟာ ဆက်ပြီး တိုးတက်လာဖို့ ရှိပါတယ်။