၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆုကို ဇဏ်ခီ ကရရှိခဲ့ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူ ဆုကိုတော့ “ထာဝရနှောင်ကြိုး” ဇာတ်ဝင်တေးသီချင်းနဲ့ ဇဏ်ခီက ရရှိခဲ့ပါတယ်။
“ ကိုညီထွဋ်ကိုယ်တိုင် ဆုပေးတယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကိုညီထွဋ်က ကျွန်တော့်အတွက် အရင်တုန်းကတည်းက idol တစ်ယောက်ပါ။ ကျွန်တော် အရမ်းအားပေးတဲ့ အဆိုတော်ကိုယ်တိုင်က ဆုချီးမြှင့်တဲ့အတွက် အမှတ်တရ ဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံးဆိုတော့ ဝယ်တဲ့သူတွေရှိတဲ့အတွက်ကြောင့် အခုလို ရရှိခဲ့တာပါ။
ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း "ထာဝရ နှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားထဲက ဇဏ်ခီကိုယ်တိုင်သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းကလည်း ပရိသတ်ကြားမှာ ရေပန်းစားလို့နေပါတယ်။
အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။