မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အော်ဘာမီယန်းကို တစ်နှစ်လောက်ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပြီးမှ မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဂါဘွန်လက်ရွေးစင်ကြယ်ပွင့် အော်ဘာမီယန်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ၇၇ ပွဲမှာ ၄၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ အော်ဘာမီယန်းကို စောင့်ကြည့်ခဲ့တဲ့တစ်ခုတည်းသော ပရီးမီးယားလိဂ်အသင်းမဟုတ်ခဲ့ဘူးလို့ သိရပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ ဒေါ့မွန်အသင်းအတွက် ၉၁ ပွဲမှာ ၇၃ ဂိုးသွင်းပေးခဲ့တဲ့ အော်ဘာမီယန်းကို ကင်းထောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေက အော်ဘာမီယန်းရဲ့ခြေစွမ်းကို ယုံကြည်မှုမရှိခဲ့ဘဲ အသက်အရွယ်နဲ့ ပေါင်သန်း ၇၀ ဝန်းကျင်တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးအပေါ် စိုးရိမ်ပူပင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် အော်ဘာမီယန်းဟာ နည်းပြမော်ရင်ဟိုလိုချင်တဲ့ ဖိအားပေးပြီး ဘောလုံးကိုင်ကစားရမယ့် တိုက်စစ်မှူးပုံစံနဲ့ အံဝင်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ အော်ဘာမီယန်းကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြတာလို့ သိပါတယ်။
ယင်းအချိန်တုန်းက မန်ချက်စတာယူနိုက်တက်ထိပ်တန်းဂိုးသွင်းရှင် ဇလာတန်အီဘရာဟီမိုဗစ်ဟာ ၂၀၁၇ ခုနှစ် ဧပြီလမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အဲဗာတန်တိုက်စစ်မှူး လူကာကူကိုပဲ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အော်ဘာမီယန်းကို ဒေါ့မွန်အသင်းကနေ ပေါင် ၅၆ သန်းနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ အရေးကြီးဆုံးကစားသမားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။