အောင်သူရဲ့ကလပ် မူထောင်နဲ့ ကျော်ကိုကိုရဲ့ကလပ် ဆာာမတ်ပရာကန်တို့ ကစားခဲ့တဲ့ ထိုင်းလိဂ်(၁)ပွဲစဉ် အပြီးမှာ ကျော်ကိုကိုက အောင်သူကို သွားရောက်အားပေးနှစ်သိမ့်ခဲ့ပါတယ်။

ထိုင်းလိဂ်(၁)ကလပ် မူထောင်အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေပြီး ခြေစွမ်းပိုင်းကျဆင်းနေတဲ့ အောင်သူနဲ့ ပတ်သက်ပြီး ဆာမတ်ပရာကန်အသင်းမှာကစားနေတဲ့မြန်မာ့လက်ရွေးစင် တိုစစ်မှူး ကျော်ကိုကိုက Duwun Sports ကတဆင့် အခုလိုပဲ အားပေးစကားပြောခဲ့ပါတယ်။
“ဟိုနေ့က ပွဲပြီးတော့ ကျွန်တော် အောင်သူနဲ့တွေ့ဖြစ်တယ်၊ စကားတွေလည်း အများကြီးပြောဖြစ်တယ်။ အားပေးစကားတွေလည်း ပြောဖြစ်တယ်၊ အဓိက ပြသနာတစ်ခုကို သိလိုက်ရတာက သူကစားချင်တဲ့နေရာ မကစားရဘူးဖြစ်နေတယ်လို့ သိရတယ်။ ဒါကြောင့် စိတ်ကြိုက် မကစားနိုင်ဘူးဖြစ်နေတယ်၊ နောက်ပိုင်းကျတော့ နည်းပြနဲ့အံမဝင်တော့ဘူးလိုု့ ပြောရမှာပေါ့၊ အသင်းတစ်သင်းနဲ့တစ်သင်း ဖြတ်သန်းရပုံကတော့ မတူဘူးပေ့ါ၊ မနှစ်က Police Tero အသင်းမှာက မိသားစုဆန်တယ်၊ အစစအရာရာ လိုလေသေးမရှိ သူ့ကိုပံ့ပိုးတယ်၊ သူပြောသမျှ လုပ်သမျှ အဆင်ပြေခဲ့တယ်၊ အခု မူထောင်မှာတော့ ပရော်ဖက်ရှင်နယ်ပဲ၊ သူလုပ်နိုင်မှ သူရမယ်လို့ထင်တယ်။ သူက အရင်ကတည်းက အနေအထိုင်အေးတဲ့သူဖြစ်တာကြောင့် သူနေတတ်သလိုနေတာပါပဲ၊ သူ့ရဲ့အပြုအမူကြောင့်လို့တော့ ကျွန်တော်ကတော့ မထင်ပါဘူး၊ သူ့ကို ကျွန်တော်ပြောခဲ့တယ် ကိုယ့်အရည်အချင်းကို ကိုယ်သိတာပဲ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြန်မြှင့်တယ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမှာပါလို့ ကျွန်တော် အားပေးစကားပြောခဲ့ပါတယ် ” လို့ ကျော်ကိုကို Duwun Sports ကို အောင်သူနဲ့ပတ်သက်ပြီး အွန်လိုင်းကနေတဆင့် ပြောခဲ့ပါတယ်။
အောင်သူအနေနဲ့ မနှစ်က ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပြီး သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်မှုကြောင့် ဒီနှစ်မှာတော့ ထိုင်းလိဂ်(၁)ရဲ့ အသင်းကြီး စာရင်းဝင် မူထောင်းအသင်း ကအောင်သူကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာလို့လည်း သိထားရပါတယ်။
လက်ရှိ မူထောင်းအသင်းရဲ့ နည်းပြ စတင်တာဝန်ယူခဲ့တဲ့ ပထမဆုံးပွဲမှာတော့ အောင်သူ ပွဲထွက်ခွင့်ထိ ရခဲ့သေးပြီး နည်းပြရဲ့ နေရာပေးမှုကို ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အရန်ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရတော့တာ ဖြစ်ပါတယ်။
ကျော်ကိုကိုနဲ့ အောင်သူကတော့ ပြီးခဲ့တဲ့ မူထောင်နဲ့ ဆာမတ်ပရာကန်တု့ိ ကစားခဲ့ကြတဲ့ ထိုင်းလိဂ်(၁) ပွဲစဉ်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး အဆိုပါပွဲမှာ ကျော်ကိုကိုက ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် အောင်သူကတော့ အရန်ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။