• ဆော်ဒီမှာ ဘတ်စ်ကားတိုက်မှုဖြစ်ပြီး နိုင်ငံခြားသား ၃၅ ဦး သေဆုံး

မဒီနာမြို့အနီးမှာ ဘတ်စ်ကားတစ်စီးနဲ့ အကြီးစားယာဉ်တစ်စီး တိုက်မိခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့အနီးမှာ ဘတ်စ်ကားတစ်စီးနဲ့ အကြီးစားယာဉ်တစ်စီး တိုက်မိခဲ့မှုအတွင်း နိုင်ငံခြားသား ၃၅ ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာန Saudi Press Agency က ယနေ့ (အောက်တိုဘာ ၁၇ ရက်) ပြောပါတယ်။

image

(Photo: AFP)

ဘတ်စ်ကားတိုက်မှုဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ဒေသစံတော်ချိန် ည ၇ နာရီအချိန်က al-Akhal ကျေးရွာနယ်နမိတ်အတွင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေဟာ အာရပ်နဲ့အာရှဒေသမှ ဘုရားဖူးခရီးသည်များဖြစ်ပြီး မဒီနာမြို့မှ မက္ကာမြို့သို့သွားရောက်နေစဉ် ဘတ်စ်ကားတိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီမီဒီယာမှာ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေအရ ဘတ်စ်ကားတစ်စီးလုံး မီးလောင်ထားတာတွေ့ရပါတယ်။



(Photo: Screengrabs from Twitter video/Priya Jaiswal)

ဘတ်စ်ကားတိုက်မှုအတွင်း ဒဏ်ရာရခဲ့သူလေးဦးကို မဒီနာရှိ al-Hamna ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆော်ဒီအာဏာပိုင်တွေက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဆော်ဒီသတင်းစာ Okaz ရဲ့ အဆိုအရ ဘတ်စ်ကားပေါ်မှ ခရီးသည်တွေဟာ အစ္စလာမ်ဘာသာရေး ဆောင်ရွက်မှုတစ်ခုဖြစ်တဲ့ အွမ်မရာခရီးစဉ် လာရောက်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဆော်ဒီမှာ ယမန်နှစ် ဧပြီလအတွင်းကလည်း အွမ်မရာခရီးစဉ် လာရောက်ကြသူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ လောင်စာဆီတင်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ရာ ဗြိတိန်နိုင်ငံသားလေးဦး သေဆုံးခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ထို့အတူ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကလည်း မက္ကာမြို့ကနေ မဒီနာမြို့သို့သွားရောက်စဉ် မီနီဘတ်စ်တစ်စီး ဘီးပေါက်ရာမှ တိမ်းမှောက်ခဲ့မှုကြောင့် နှစ်လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဗြိတိန်နိုင်ငံသားခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က