Foldable ဖုန်းတွေဟာ ဈေးကွက်ဝင်ဖို့ တကယ်ရော အဆင်သင့်ဖြစ်နေပြီလား။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Motorolar ရဲ့ ကမာခွံစတိုင် ခေါက်သိမ်းနိုင်မယ့် Motorola Razr ကို CNET နည်းပညာသတင်းဌာနကနေ စမ်းသပ်မှု လုပ်ခဲ့ပါတယ်။ CNET ဟာ Square Trade ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ Foldbot ဆိုတဲ့ ခေါက်သိမ်းမှု လုပ်ပေးမယ့် စက်ရုပ်သုံးပြီး Motorola Razr ဖုန်းကို အကြိမ်ပေါင်း ထောင်နဲ့ချီ ခေါက်လိုက် ဖွင့်လိုက် လုပ်ခဲ့တာပါ။
ရလဒ်ကတော့ Motorola Razr ဖုန်းရဲ့ ပတ္တာ hinge ဟာ အကြိမ်ပေါင်း ၂၇၀၀၀ ဝန်းကျင်အရောက်မှာ ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်စမတ်ဖုန်းသုံးစွဲသူတွေကို Asurion လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုက လေ့လာမှု တစ်ခု လုပ်ခဲ့ပါတယ်။ လူပေါင်း ၂ ထောင်ကို လေ့လာမှုအရ လူ ၁၀ ယောက်မှာ ၁ ယောက်နှုန်းဟာ ၄ မိနစ်ကြာတိုင်း ဖုန်းသုံးဖြစ်တယ်လို့ ဆိုပါတယ်။
တစ်နေ့ကို ပျမ်းမှ အကြိမ် ၈၀ နှုန်းနဲ့ ဖုန်းအဖွင့်အပိတ်လုပ်နေကြတဲ့ ခေတ်မှာ Moto Razr ဖုန်းဟာ တစ်နှစ်အတွင်း ပြဿနာတက်နိုင်တဲ့ အနေအထားပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း CNET ဟာ Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ကို အဖွင့်အပိတ် အကြိမ်ကြိမ် စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။
၁၄ နာရီ ကြာမြင့်တဲ့ ဒီစမ်းသပ်ချက်ကိုလည်း စက်ရုပ်နဲ့ စမ်းခဲ့တာ ဖြစ်ပြီး Galaxy Fold ဟာ အကြိမ်ပေါင်း ၁၁၉၃၈၀ မှာ ပျက်သွားခဲ့ပါတယ်။ Foldbot နဲ့ပဲ စမ်းသပ်ခဲ့တာ ဖြစ်ပြီး Galaxy Fold မှာတုန်းက အကြိမ်ပေါင်း ၂ သိန်းအထိ ဖုန်းအဖွင့်အပိတ်လုပ်နိုင်မယ်လို့ ကုမ္ပဏီက ကြေညာခဲ့တာပါ။ တစ်နည်းပြောရမယ်ဆိုရင် တစ်နေ့ ဖုန်းdisplay အဖွင့်အပိတ် အကြိမ် ၁၀၀ နှုန်း လုပ်မယ်ဆိုရင်တောင် ၅ နှစ်လောက် အသုံးခံမယ့်အနေထား ဖြစ်ပါတယ်။
Photo: Engadget
Motorola Razr ကို စမ်းသပ်ချိန်မှာတော့ အကြိမ်ပေါင်း ၁ သိန်းအထိ ခံနိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ Motorola Razr ဖုန်းရဲ့ screen ဟာ Galaxy Fold လောက် အကြမ်းခံခြင်း မရှိသလို ခေါက်သိမ်းမှု များများ လုပ်ချိန်မှာ ပတ္တာပိုင်း ပြဿနာ ရှိနိုင်တယ်လို့လည်း အစောပိုင်းကတည်းက ခန့်မှန်းမှုတွေ ရှိထားပါတယ်။
၂၀၁၉ နှစ်ကုန်ပိုင်းက ဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ Motorola Razr ဟာ ၆.၂ လက်မ OLED notch screen ၊ Snapdragon 710 porcessor ၊ RAM 6GB/128GB storage နဲ့ လာပြီး ဒေါ်လာ ၁၅၀၀ ( မြန်မာငွေ ၂၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချထားပါတယ်။