ဆောက်သမ်တန်အနေနဲ့ အသင်းသမိုင်းမှာရော၊ ပရီးမီယားလိဂ်သမိုင်းမှာပါ အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်သိမ့်ဂိုးတစ်ဂိုးလေးတောင်မှ မသွင်းယူနိုင်ခဲ့ပါဘူး။
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ မှာတော့ လက်စတာအသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်ကို အံ့အားသင့်ဖွယ်ရာ ၉ ဂိုးအထိ သွင်းယူပြီး နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဆောက်သမ်တန်အနေနဲ့ အသင်းသမိုင်းမှာရော၊ ပရီးမီယားလိဂ်သမိုင်းမှာပါ အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်သိမ့်ဂိုးတစ်ဂိုးလေးတောင်မှ မသွင်းယူနိုင်ခဲ့ပါဘူး။
လက်စတာအတွက် ဘင်ချီဝဲလ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက်မှာ ဆောက်သမ်တန်ဘက်က ရွိုင်ယန်ဘာထရန် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ လက်စတာတိုက်စစ်မှူးအယိုဇီကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့လို့ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒိထုတ်ပယ်မှုမှာ VAR နဲ့ ပြန်ကြည့်ခဲ့ပြီးနောက် ထုတ်ပယ်ခဲ့လို့ ဘာထရန်က VAR စနစ်နဲ့ ထုတ်ပယ်ခံရတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
လက်စတာအတွက် ဂျင်မီဗာဒီနဲ့ အယိုဇီတို့က ဟက်ထရစ်ကိုယ်စီသွင်းယူပေးခဲ့ပြီး တိုင်လီမန်းစ်နဲ့ မက်ဒီဆန်တို့က တစ်ဂိုးစီသွင်းပေးခဲ့ပါတယ်။ ဒီပွဲကို အနိုင်ယူအပြီးမှာ လက်စတာက အဆင့် ၂နေရာကို ရမှတ် ၂၀ နဲ့ အတူတက်လှမ်းနိုင်ခဲ့ပါတယ်။ လက်စတာအတွက်လည်း ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။
လက်စတာအတွက် ကစားသမားနှစ်ဦးက တစ်ပွဲတည်းမှာ ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ စံချိန်၊ ပထမပိုင်းမှာပဲ အဝေးကွင်းမှာ ငါးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ စံချိန်တွေကို ရယူနိုင်ခဲ့ပါတယ်။ လက်စတာကတော့ ဒီရာသီမှာ ခြေစွမ်းပြကစားနေခဲ့ပြီဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။