အဂတိလိုက်စားမှုများဖြင့် ထောင်ကျနေတာဖြစ်ပါတယ်။

ထောင်ဒဏ်ကျခံနေရတဲ့ ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗားဟာ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပါက နောက်အိပ်ထောင်ပြုရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

(ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား) (Photo: AFP)

မုဆိုးဖိုတစ်ဦးဖြစ်သူ အသက် ၇၃ နှစ်အရွယ် သမ္မတဟောင်းလူလာဟာ အဂတိလိုက်စားမှုနှစ်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ ဘရာဇီးပြည်သူ အများအပြားကတော့ သမ္မတဟောင်းလူလာကို ထောက်ခံနှစ်သက်နေကြဆဲလို့ ဆိုပါတယ်။



၎င်းဟာ အကျဉ်းထောင်ထဲမှာ တစ်နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ရပြီးဖြစ်ကာ ယခုနှစ် နှောင်းပိုင်းမှာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ရမယ်လို့ သိရပါတယ်။ ဘရာဇီးအယူခံဆိုင်ရာ တရားရုံးက သမ္မတဟောင်းလူလာကို ချမှတ်ထားခဲ့တဲ့ ပြစ်ဒဏ်များအနက်မှ တစ်ခုကိုလျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။

(ဝန်ကြီးဟောင်းဖြစ်သူ လူးဝစ်ကားလို့စ်) (Photo: scielo)

"သူ့မှာချစ်သူရှိပါတယ်၊ ထောင်ကနေလွတ်လာခဲ့ရင် သူ ပထမဆုံး လုပ်ချင်တာကတော့ လက်ထပ်တာပဲ ဖြစ်လိမ့်မယ်" လို့ ဘဏ္ဍာရေးနဲ့ သိပ္ပံဆိုင်ရာ ဝန်ကြီးဟောင်းဖြစ်သူ လူးဝစ်ကားလို့စ် ဘရက်ဆာ ပီရီယာက ၎င်းရဲ့ Facebook မှာ ရေးသားထားခဲ့ပါတယ်။

ဝန်ကြီးဟောင်း လူးဝစ်ကားလို့စ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတဟောင်းလူလာ ထောင်ဒဏ်ကျခံနေရတဲ့ ဘရာဇီးတောင်ပိုင်း ကာရီတီဘာမြို့ရှိ အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်းလူလာဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အလွန်ကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်းလည်း ဝန်ကြီးဟောင်းက ပြောခဲ့ပါတယ်။

(သမ္မတဟောင်းလူလာ လွတ်ြောမက်ရေး ဘရာဇီးမှာ ဆန္ဒပြမှု) (Photo: Reuters)

အပတ်စဉ်ထုတ် ဘရာဇီးမဂ္ဂဇင်း Epoca ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားမှုအရ သမ္မတဟောင်းလူလာ လက်ထပ်မယ့်အမျိုးသမီးဟာ အသက် ၄၀ ခန့်အရွယ် လူမှုဗေဒပညာရှင် ရော့စ်အန်ဂျလာ ဒါဆေးလ်ဗား ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ရေအားလျှပ်စစ်စက်ရုံလုပ်ငန်း လုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဘရာဇီးသမ္မတဟောင်း လူလာနဲ့ ရော့စ်အန်ဂျလာတို့ဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း ကာလကြာရှည် ရင်းနှီးကျွမ်းဝင်မှုရှိခဲ့ကြကြောင်းလည်း AFP သတင်းမှာ ဖော်ပြပါတယ်။ တနင်္လာနေ့ (မေ ၂၀ ရက်) က Epoca မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ ပင်တိုင်ဆောင်းပါးရှင် Guilherme Amado ပြောကြားထားမှုအရ သမ္မတဟောင်းလူလာ ထောင်မကျမီ ၎င်းတို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ လျှို့ဝှက်ထားခဲ့ကြတယ်လို့ ပင်တိုင်ဆောင်းပါးရှင်က ပြောပါတယ်။

(Ecopa မဂ္ဂဇင်းဝက်ဘ်ဆိုက် သတင်းဆောင်းပါး) (Image Capture Source: Ecopa)

သမ္မတဟောင်းလူလာဟာ ယခင်က အိမ်ထောင်နှစ်ဆက်ရှိခဲ့ဖူးပြီး ပထမဇနီးဖြစ်သူက ၁၉၇၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ဒုတိယဇနီးဟာလည်း ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ လူလာဟာ ဘရာဇီးနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတအဖြစ် ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က