ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့။ အီတလီမြောက်ပို်င်းမှာရှိတဲ့ ဘောလုံးကွင်းတစ်ကွင်းထဲမှာ အပြာရောင်ဝတ်ဆင်ထားတဲ့ အသင်းတစ်သင်းနဲ့ အဖြူရောင်နဲ့လိမ္မော်ရောင်ဘောင်းဘီဝတ်ဆင်ထားတဲ့ အသင်းတစ်သင်းတို့ ယှဉ်ပြိုင်ကစားနေကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီပွဲကတော့ အီတလီကလပ် အတ္တလန္တာနဲ့ စပိန်ကလပ်ဗလန်စီယာတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ကစားနေကြတာပါ။ ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်ဦးရေက ၄၀၀၀၀ ကျော်အထိရှိနေပါတယ်။ ဒါဟာ အီတလီနိုင်ငံကိုရော၊ ဥရောပဘောလုံးလောကကိုပါ ကံဆိုးမိုးမှောင်ကျစေမယ့် ပွဲတစ်ပွဲဆိုတာကို အဲဒီတုန်းက ဘယ်သူကမှမရိပ်မိခဲ့ကြပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက ဥရောပတိုက်ကို ရွေ့လျားလာချိန်မှာတော့ အားလုံးက သတိလက်လွတ်ဖြစ်နေကြဆဲဖြစ်ပြီး ပေါ့ဆနေခဲ့ကြပါတယ်။ ဒီပွဲမတိုင်ခင််မှာ သတင်းဖော်ပြမှုတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်သူဦးရေက (၃) ဦးသာရှိနေသေးတာပါ။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂ဝရက်နေ့မှာတော့ ကူးစက်မှုနှုန်းက တော်တော်လေးမြင့်မားသွားခဲ့ပြီး အီတလီတစ်နိုင်ငံလုံးအထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။ ဒါဟာ အတ္တလန္တာနဲ့ ဗလန်စီယာတို့ကစားခဲ့တဲ့ ပွဲစဉ်က အစပြုခဲ့တာဖြစ်တယ်လို့ အခုအခါမှာ ကောက်ချက်ချမှုတွေရှိလာခဲ့ပြီး ဒီအကျိုးဆက်ကြောင့် အခုဆိုရင် အီတလီမှာ သေဆုံးသူဦးရေက တစ်သောင်းနီးပါးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီနေ့က ကစားခဲ့တဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေဟာ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ပြည့်နှက်နေခဲ့ပြီးတော့ မီလန်မြို့ မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့လည်း တွေ့ဆုံမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ Fox Sports Asia ရဲ့ ဖော်ပြချက်အရဆိုရင် ပရိသတ်အများအပြားလာရောက်အားပေးခဲ့ပြီးတော့ မီလန်မြို့တွင်းလည်ပတ်ခဲ့မှုတွေက ဗိုင်းရပ်စ်ကို ဖြန့်ဖြူးသလိုဖြစ်ခဲ့ပြီး ဒီပရိသတ်တွေဟာ ဗိုင်းရပ်စ်ဗုံးသယ်ဆောင်လာခဲ့သူတွေလို့တောင်မှ တင်စားခံနေရတယ်လို့ သိရပါတယ်။ ဒီပွဲကစားအပြီး ရက်သတ္တပတ်နှစ်ပတ်အကြာမှာတော့ အီတလီမှာ ကူးစက်သူ ၃ ဦးကနေ ၃ထောင်ကျော်အထိ မြင့်တက်သွားခဲ့ပြီး အခုဆိုရင် ခုနှစ်သောင်းကျော်အထိ ရှိသွားခဲ့ပါပြီ။
အီတလီဟာ ရောဂါပြန့်ပွားခဲ့မှုကို လုံးဝထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသူအမြောက်အမြားရှိခဲ့မှုကို လက်မှိုင်ချထိုင်ကြည့်နေခဲ့ရပါတယ်။ ဒီကံဆိုးမိုးမှောင်ကျခဲ့တဲ့ညမှာ အီတလီတင်မကပဲ စပိန်ပါ ခံစားခဲ့ရပါတယ်။ ဗလန်စီယာပရိသတ်တွေကလည်း ကီလိုမီတာတစ်ထောင်ကျော် ဝေးကွာတဲ့ ဆန်စီရိုကွင်းမှာ သူတို့အသင်းကို အားပေးဖို့ လိုက်ပါလာခဲ့ကြပါတယ်။ ဒါကြောင့်လည်းပဲ အခုအခါမှာ ဗလန်စီယာအသင်းရဲ့ ၃၅%အထိ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး စပိန်ကလည်း ဥရောပမှာ အီတလီပြီးရင် ဗိုင်းရပ်စ်အကူးစက်ခံရဆုံးနိုင်ငံအဖြစ်ရှိလာခဲ့ကာ သေဆုံးမှုကလည်း အများကြီးမြင့်တက်လာခဲ့ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီကနေ မိသားစု၊ ဆွေမျိုး၊ တည်းခိုရာဟိုတယ်၊ ဘား၊ စားသောက်ဆိုင်တွေကနေ ဗိုင်းရပ်စ်ပြန့်ပွားမှုက အရှိန်တက်ခဲ့ပြီး ဆုံးရှုံးမှုတွေကလည်း အများကြီးရှိလာခဲ့ပါတယ်။ ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းခဲ့ရတာ၊ ကွင်းပိတ်ကျင်းပခဲ့ရတာတွေရှိလာခဲ့ပြီး ကစားသမားတွေ ကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူုးစက်ခံခဲ့ရပါတယ်။ လာလီဂါမှာ ဗလန်စီယာက ဗိုင်းရပ်စ်ကူးစက်မှုကို အရင်ဦးဆုံးခံစားခဲ့ရတဲ့ အသင်းဖြစ်ပြီး ဒီပွဲစဉ်ကတဆင့် ဥရောပထိပ်တန်းပြိုင်ပွဲတွေကိုပါ ရွှေ့ဆိုင်းရဖို့ ဖြစ်ခဲ့ရပါတယ်။ နှစ်ဖက်အသင်းတာဝန်ရှိသူတွေ၊ အစိုးရတာဝန်ရှိသူတွေရဲ့ ပေါ့ပေါ့ဆဆသဘောထားမှုက ဥရောပတိုက်တစ်ခုလုံးကို တုန်လှုပ်စေဖို့အထိ ဖြစ်ခဲ့ရပြီး အတ္တလန္တာ နဲ့ ဗလန်စီယာတို့ရဲ့ပွဲဟာ သွေးမြေကျဖို့ အစပြုခဲ့ရာ စစ်တလင်းမြေပြင်ဖြစ်ခဲ့ရပါတော့တယ်။
အီတလီရဲ့ အဆိုးဝါးဆုံးကူုးစက်ရာဒေသတွေထဲမှာ မီလန်နဲ့ မီလန်တဝိုက်ဒေသတွေ ပါဝင်နေပြီး စပိန်မှာဆိုရင် မက်ဒရစ်မြို့လည်း ပါဝင်ခဲ့ပါတယ်။ ဘဏ္ဍာရေးပိုင်းထိခိုက်မှုတွေလည်း အများအပြားရှိလာခဲ့လို့ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကိုယ်တိုင် ခေါင်းမီးတောက်မတတ် စဉ်းစားတွေးတော ခဲ့ရပြီးတော့ အခြေအနေတွေကို ထိန်းသိမ်းဖို့ လုပ်ခဲ့ရပါတယ်။ အခုဆိုရင် ဥရောပတိုက်တဝှမ်းက နာမည်ကျော်ဘောလုံးကွင်းတွေထဲက တိတ်ဆိတ်နေကြပါပြီ။ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေတာဖြစ်ပြီး စည်ကားမှုမရှိတဲ့ဘောလုံးကွင်းတွေရဲ့ မျက်နှာစာရှေ့မှာ Mask ကိုယ်စီတပ်ထားတဲ့ သွားလာသူအနည်းငယ်ကိုသာ မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကစားခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲက အစပြုခဲ့မှုဖြစ်ပြီး ဥရောပတိုက်ကို အမိုက်မှောင်ဖုံးစေတဲ့ ပွဲစဉ်တစ်ခုလို့လည်း တင်စားခံလာခဲ့ရပြီ ဖြစ်ပါတော့တယ်။