ဆောင်းရာသီကို ရောက်လာပြီ ဖြစ်တဲ့အတွက် အသားခြောက်တာ အသားပပ်တာတွေမဖြစ်အာင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အသားအရေတွေ ခြောက်သွေ့အက်ကွဲနေလို့ ဆောင်းတွင်းမှာ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲဆိုပြီး ခေါင်းခြောက်နေကြတဲ့ မိန်းကလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဆောင်းတွင်း အသားအရေထိန်းသိမ်းနည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ရေများများသောက်ပါ

ဆောင်းတွင်းမှာ အသားပပ်တာ ၊ အသားခြောက်တာတွေ ကို ကာကွယ်ချင်တယ်၊ မဖြစ်ချင်ဘူးဆိုရင် အရိုးရှင်းဆုံး အလွယ်ဆုံးနဲ့ အထိရောက်ဆုံးက ရေသောက်တာပါ။ ရေသောက်တာကို အားပေးတာက ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်သာ ပြည့်ဝနေမယ်ဆိုရင် အသားအရေကြည်လင်တောက်ပစေပြီး အပူအပုပ်လည်း ကင်းစင်နိုင်တာဖြစ်တဲ့အတွက် ရေများများသောက်ပေးတာဟာ အသားအရေထိန်းသိမ်းမှုတွေထဲက ငွေကုန်ကြေးကျသက်သာပြီး ထိရောက်တဲ့ နည်းလမ်းပါပဲ။

Scrub လုပ်တာလျှော့ပါ

အရင်က မျက်နှာချေးချွတ်တာ၊ Body Scrub လုပ်တာကို မကြာခဏလုပ်တတ်တယ်ဆိုရင်တောင် ဒီဆောင်းတွင်းမှာတော့ Scrub ကို မကြာခဏလုပ်တာမျိုးရှောင်ဖို့ ပြောပါရစေ။ ဆောင်းတွင်းက အသားခြောက်တတ်ရတဲ့အထဲ Scrub ကို မကြာခဏလုပ်နေမယ်ဆိုရင် မျက်နှာမှာ ရှိရမယ့်အဆီဓာတ်တွေ ခမ်းခြောက်ပြီး အရေပြားလန်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် Scrub လုပ်ဖြစ်တယ်ဆိုရင်တောင် မမေ့မလျော့နဲ့ Moisture လိမ်းပေးဖို့ လိုပါတယ်။

အင်္ဂလိပ်ဘာသာစကား သင်ကြားနေတဲ့ ဆရာမလေး အိန္ဒြာဆုပိုင်ကလည်း ဆောင်းတွင်း အသားအရေထိန်းသိမ်းမှုပိုင်းဆိုင်ရာတွေကို Duwun ကို ခုလို ပြောပြပါတယ်။

"ဆောင်းတွင်းမှာတော့ မျက်နှာသစ်ပြီးတာနဲ့ acid များတဲ့ toner တွေအစား moisturize ဖြစ်မယ့် toner မျိုးသုံးဖြစ်တယ်။ ပြီးတော့ တခြား skin care step တွေပြီးရင် moisturizer ကို နှစ်မျိုးလောက်ထပ်ဖြည့်လိုက်တယ်။ အဆီပြန်ပေမယ့် ကြာရင်ခြောက်ကပ်လာတာမခံနိုင်လို့ sunscreen လည်းမဖြစ်မနေထပ်လိမ်းတယ်။ နောက်ပြီး skin refiner လိုနို့ရည်ဆန်ဆန် ခပ်ကြဲကြဲအရည်ကို ရွှဲနေအောင်လိမ်းဖြစ်တယ်။" 

အဆီဓာတ်ဖြည့်ဖို့ မမေ့ပါနဲ့



Moisture ကို Scrub လုပ်ပြီးမှ လိမ်းရမှာတော့ မဟုတ်ပါဘူး။ ဆောင်းတွင်းမှာ အစိုဓာတ်ဖြည့်ဖို့ဆိုတာ ပိုလိုအပ်ပါတယ်။ Moisture ကို ရွေးချယ်ရာမှာလည်း ရေဓာတ်အခြေခံတဲ့ Moisture ကို ရွေးချယ်တာက ပိုပြီး အသင့်တော်ဆုံးပါပဲ။

Mask ကို ပိုကပ်ပေးပါ

ဆောင်းရောက်လေလေ ရေဓာတ်ပိုလိုအပ်လေပါ။ ဒါ့ကြောင့် ရေဓာတ်ကို အခြေခံတဲ့ Mask ကို မကြာခဏ ကပ်ပေးဖို့ လိုအပ်ပါတယ်။ ခဏခဏ ကပ်ပေးနိုင်လေ အသားအရေအတွက် ပိုအဆင်ပြေလေပါပဲ။ Mask မကပ်နိုင်ဘူးဆိုရင်တော့ သဘာဝပစ္စည်းတွေ ဖြစ်တဲ့ ရှားစောင်းလက်ပပ်လိုမျိုး ၊ သခွားသီးလိုမျိုးကို တစ်ပတ် သုံးကြိမ်လောက် ကပ်ပေးနိုင်မယ်ဆိုရင် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

မော်ဒယ် အဲလစ်အုံးကလည်း သူ့ရဲ့ ဆောင်းတွင်း အသားအရေထိန်းသိမ်းနည်းတွေကို Duwun ကို ခုလို ပြောပြပါတယ်။

"ဆောင်းတွင်းမှာ အဲလစ်က အဓိက Mask တွေ ကပ်ဖြစ်တယ်။ Skin Care ကတော့ ဆောင်းတွင်းမှာမှ မဟုတ်ဘူး၊ တခြားရာသီမှာလည်း လိမ်းနေကျ Skin Care ဆိုတော့ တကူးတကပြောင်းရင်လည်း ကိုယ်နဲ့ လိုက်ဖက်မယ့် Skin Care က ဆောင်းတွင်းတစ်တွင်းပဲ အဆင်ပြေမှာဆိုတော့ နှမြောလည်း နှမြောတော့ Skin Care ကို မပြောင်းတော့ဘဲ Maskကိုပဲ ဆောင်းတွင်းနဲ့ လိုက်ဖက်မယ့် Mask တွေကပ်ဖြစ်တယ်။ Mask ကတော့ လွယ်လည်း လွယ်ကူတယ်လေ။ တစ်ခါကပ်ရင်လည်း မိနစ် ၂၀ ကနေ နာရီဝက်လောက်ပဲ အချိန်ပေးရတာဆိုတော့ Mask ပဲ သေချာကပ်ဖြစ်တယ်။ အချိန်ရရင်တော့ Spa သွားပြီးတော့ Moisture နဲ့ပတ်သက်တဲ့ Treatment ယူတာမျိုးတော့ လုပ်ဖြစ်တယ်။"

Sunscreen လိမ်းပေးဖို့ လိုပါတယ်

ဆောင်းတွင်းမို့ Sunscreen လိမ်းပေးစရာမလိုတော့ဘူးလို့ မထင်ပါနဲ့နော်။ SPF 30 အဆင့်ရှိတဲ့ Sunscreen တစ်မျိုးမျိုး လိမ်းပေးနေဖို့တော့ လိုအပ်ပါတယ်။ Sunscreen လိမ်းပြီးရင်လည်း နေရောင်ခြည် UVB ကို တိုက်ရိုက်ထိတွေ့တာမျိုးကိုလည်း ရှောင်ကြဥ်ရမှာပါ။

လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးပါ

လတ်ဆတ်တဲ့ အသီးအနှံတွေက ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက အသားအရေကိုပါ စိုပြေလှပစေနိုင်စွမ်းရှိပါတယ်။ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးဖို့ လိုအပ်ပါတယ်။ အသီးအရွက်တွေကို သုတ်စားတာ ၊ အသီးတွေကို ဖျော်သောက်တာ ဒါမျိုးတွေ လုပ်ပေးသင့်ပါတယ်။ သကြားတွေ၊ အချိုရည်တွေ၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ၊ အသင့်လုပ်အစားအစာတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက အသားအရေကိုလည်း ထိခိုက်စေနိုင်တာဖြစ်တဲ့အတွက် ရှောင်ကြဥ်ကြဖို့ တိုက်တွန်းပါရစေ။

Facial Cleanser ကို သတိထားပါ

ကိုယ်အသုံးပြုနေတဲ့ မျက်နှာသစ်ဆပ်ပြာကိုလည်း ဒီဆောင်းတွင်းမှာ တစ်ချက်သတိပြုရပါမယ်။ ဆောင်းတွင်းမှာ အသားအရေဟာ အလွယ်တကူ ခြောက်သွေ့တတ်တာကြောင့် ကိုယ်သုံးတဲ့ မျက်နှာသစ်ဆပ်ပြာဟာ ဘာကို အခြေခံပြီး ထုတ်လုပ်ထားတာလည်းဆိုတာကို တစ်ချက် ဆန်းစစ်ရပါမယ်။ အဆီကို ဖယ်ရှားပေးတဲ့ မျက်နှာသစ်ဆပ်ပြာအမျိုးအစားဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ်ကို အခြေခံတဲ့ မျက်နှာသစ်ဆပ်ပြာအမျိုးအစားကို လဲလှယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဆောင်းတွင်းမှာ မျက်နှာကို မကြာခဏသစ်တာကိုလည်း လျှောဖို့ အကြံပေးချင်ပါတယ်။

ဆောင်းတွင်းအသားအရေ ဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတာကို SOUL Skin Solution ရဲ့ပိုင်ရှင်ဖြစ်သလို အသားအရေထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ ကိုစစ်နိုင်က ခုလို ပြောပြပါတယ်။

"ဆောင်းတွင်း အသားအရေထိန်းသိမ်းဖို့ သုံးချက်ပြောချင်ပါတယ်။ ပထမတစ်ချက်ကတော့ ရာသီဥတုက အေးတော့ လူတွေက ရေနွေးနဲ့ မျက်နှာသစ်ဖို့ ကြိုးစားကြတယ်။ ရေနွေးနဲ့ မသစ်ဘဲ ပုံမှန် Temperature နဲ့ သစ်ဖို့ ပြောချင်ပါတယ်။ ရေနွေးက ပူတော့ အသားကို ပိုခြောက်စေပါတယ်။ အဲဒါတစ်ခုသတိထားပါ။ ပြီးတော့ ဒုတိယအချက်က ဆောင်းတွင်းမှာ ရာသီဥတုပြောင်းလဲတဲ့အတွက် အသားခြောက်တာက အဓိကပြဿနာပေါ့။ ဆိုတော့ အဲဒီအချိန်မှာ အသားပပ်တာတွေအတွက် Moisture ကောင်းကောင်း လိမ်းဖို့ လိုတယ်။ အဆီ နည်းနည်းပိုပါတဲ့ Moisture တွေက ပိုအဆင်ပြေပါတယ်။ မျက်နှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက်ပါ Moisture လိမ်းပေးဖို့ လိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ နေလောင်တာကို ဂရုစိုက်ဖို့ပေါ့။ အေးနေတယ်၊ နေမလောင်နိုင်ဘူးထင်ပြီး Sunscreen ကို ဆောင်းရာသီမှာ မလိမ်းတော့တာမျိုးမလုပ်ပါနဲ့။ ဆောင်းတွင်းလည်း နေလောင်နိုင်တဲ့အတွက် Sunscreen ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒီ ၃ ချက်ဆိုရင်တော့ အဆင်ပြေပါပြီ။"

ဒီအချက်တွေကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ဆောင်းတွင်းမှာ အသားပပ်တာတွေ ၊ အသားခြောက်တာတွေ မဖြစ်နိုင်တော့ဘဲ ကြည်လင်းဝင်းပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

 

Share

Loading Next Article...
က္က