ဦးကျော်သူက ဧရာဝတီမြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သရုပ်ဆောင်ကျော်သူကတော့ မြစ်ဆုံ အရေးကိစ္စအပေါ် သူ့အနေနဲ့ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အချိန်တွေက လွန်ခဲ့တဲ့ ၅ နှစ်က ရှိခဲ့ပြီးပြီလို့ Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။
‘’မပါတော့ပါဘူး။ မပါတော့ဘူးဆိုတာကလည်း ဟိုး ၅ နှစ်လောက်ကတည်းက ဧရာဝတီကိစ္စကို ကျွန်တော်တို့ ဒီအသင်းမှာပဲ လုပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့လုပ်ခဲ့တာပြီးသွားပြီ။ အခုကတော့ တိုင်းပြည်အုပ်ချုပ်တဲ့လူကြီး တွေဆက်လုပ်ရမယ့် ကိစ္စပဲ။ ကျွန်တော်တို့ကတော့ ပြည်သူလူထုရဲ့ ခံစားချက်ကို ပြည်သူလူထုကိုယ်စား တင်ပြပြီးပြီ။ အခု လူကြီးတွေလုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီဘက်ကနေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် မလုပ်ချင်ဘူး။ ဒါကြောင့့် ဒီအတိုင်းပဲ လူတွေကို ကူညီတဲ့အလုပ်ပဲ လုပ်နေတာပါ’’ ဆိုပြီးတော့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: ဧရာဝတီမြစ်ဆုံ
ဧရာဝတီမြစ်ဆုံကိစ္စအတွက် ပြည်သူ တစ်ယောက်ကို ၁ ဒေါ်လာနှုန်း ပါဝင်ထည့်သွင်းရမယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း ဦးကျော်သူ က သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါသေးတယ်။
‘’အလှူငွေ ထည့်ရအောင်လို့လည်း သူဌေးလည်းမဟုတ်၊ အခုတောင်မှ အသင်းမှာ အများကြီးကူညီနေရတာ ဒါဟာ အများပြည်သူရဲ့ အလှူငွေ၊ အများပြည်သူရဲ့ အလှူငွေကိုမှ ကျွန်တော်တို့က နာရေးကို ဘယ်လိုသုံးတယ်။ ကျန်းမာရေးကို ဘယ်လိုသုံးတယ်၊ ပညာရေးဘယ်လိုသုံးတယ်၊ သဘာဝဘေး ဘယ်လိုသုံးမယ် ဒါတွေကိုလည်း ကျွန်တော်တို့က ချင့်ချိန်နေရတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Photo: Kyaw Thu
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။