ပြည်ထောင်စုက ခွင့်ပြုချက်ပေးမှ ဖွင့်ခွင့်ရမှာဖြစ်ပြီး ပြန်ဖွင့်ဖို့ လိုအပ်တဲ့ရောဂါကာကွယ်ရေးအစီအစဉ်တွေကို လာမယ့် သီတင်းပတ်ထဲလုပ်ဆောင်သွားမှာပါ။
ဇွန်လ ၁၅ရက်နေ့ နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ စီစဥ်ထားတဲ့ ဧရာဝတီတိုင်းဒေသကြီးက အများပြည်သူအပန်းဖြေ ကမ်းခြေတွေကို ဇူလိုင်လလောက်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က Duwunကိုပြောပါတယ်။
“ကမ်းခြေဖွင့်ဖို့ကတော့ နှစ်မျိုးရှိတယ်၊တစ်ခုက ကမ်းခြေမှာ ဟိုတယ်တွေပြန်ဖွင့်ဖို့ရယ်၊နောက်တစ်ခုက ကမ်း ခြေမှာ အနားယူအပန်းဖြေ၊ လမ်းလျှောက်၊ရေကူးစတဲ့ သူတွေကို ခွင့်ပြုဖို့ရယ်။ဒီနှစ်ခုအပေါ်မှာ ကူးစက်ရောဂါ ကာကွယ်တားဆီးမယ့် အစီအမံတွေ သေချာချမှတ်ပြီးတော့ အဆင်သင့်ဖြစ်မှ တိုင်းကို တင်ပြပြီး၊အဲ့ကမှတဆင့် ပြည်ထောင်စုကိုဆက်လက်တင်ပြပြီး။အဲ့ကမှ ခွင့်ပြုတယ်ဆိုရင် ဖွင့်ခွင့်ပေးရမှာပါ။ဒီလုပ်ငန်းစဥ်တွေကို လာမယ့် အပတ်မှာ လုပ်ရပါမယ်။လောလောဆယ် ဇွန်လ ၁၅မှာတော့ မဖွင့်နိုင်သေးပါဘူး။ဇူလိုင်လပြန်ဖွင့်နိုင်အောင် စီစဥ် နေပါတယ်။'' လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာတော့ အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ဂေါ်ရင်ဂျီ၊ရွှေသောင်ယံ စတဲ့ ကမ်းခြေတွေကိုတော့ ကိုဗစ်ကာလတွေမှာ ယာယီပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဇွန်လ(၁၅)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့အမိန့် ညွန်ကြားချက်တွေကို ဇွန်လ(၃၀)ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။
အဆိုပါ တိုးမြှင့်သတ်မှတ်ချက်တွေမှာ လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ ပွဲလမ်းဘသင်၊ အခမ်းအနားတွေ ကျင်းပခွင့်မရသေးတာ၊ လူစည်ကားနိုင်တဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်မရသေးတာ၊ ပြည်ပလေကြောင်းလိုင်းတွေ ရပ်နားထားတာ၊ ပြည်ဝင်ခွင့်ဗီဇာတွေ ယာယီရပ်နားထားတာ စတဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။
ဒီလိုကန့်သတ်ချက်တွေကို တိုးမြှင့်ထားခဲ့ပေမယ့် အချို့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ရာမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၈ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ကလေးမြို့နယ်တို့ကိုတော့ Stay at Home အစီအစဉ်ကနေ ဖျက်သိမ်းခဲ့ပြီး လူငါးဦးနဲ့အထက်ပိုစုနိုင်တဲ့ ကိစ္စရပ်တစ်ချို့ကို ခွင့်ပြုပေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ ဆန်းပိုင်းကတည်းက ဖြေလျှော့ပေးခဲ့ပါတယ်။
မနေ့ ဇွန်လ ၁၃ ရက် ၈ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပိုးတွေ့လူနာဟောင်း တွေထဲက ရောဂါပိုး ပျောက်ကင်းသူ စာရင်းမှာ ဧရာဝတီတိုင်းက လူနာအမှတ် ၂၀၇ ပါဝင်သွားတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာတစ်ဦးမှ မရှိတော့ပါဘူး။