ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ပတ်သက်ပြီး ဝေဖန်ထုတ်ဖော်ရေးသားခဲ့တဲ့ ဒေါက်တာစိုးသူရဇော်ကို မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေတဲ့ကိစ္စကို ဝန်ကြီးဌာနက မသိပဲ အောက်ခြေက လုပ်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၂၄ ရက်နေ့မှာသတင်းထောက်တွေကိုပြောပါတယ်။
Photo - Soe Thuya Zaw Facebook
မိုးကုတ်မြို့နယ်က သွားကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာ စိုးသူရဇော်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလထဲမှာ ဇီးပင်ကြီး စစ်တမ်း အပိုင်း တစ်၊ နှစ်၊ သုံး Facebook မှာရေးသားခဲ့လို့ စုံစမ်းစစ်ဆေးခံနေရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာပါ။
ဒေါက်တာစိုးသူရဇော်ရေးခဲ့တဲ့ စာတွေထဲမှာ ဇီးပင်ကြီး တက္ကသိုလ်က ဌာနမှူးတစ်ယောက်က NLD အစိုးရ စေတနာမကောင်းလို့ငြိမ်းချမ်းရေးမရတာလို့ သင်ကြားမှုတွေရှိသလို လူမျိုးရေးနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်တွေသင်ကြားတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုစာတွေရေးသားမှုကြောင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ညွှန်ကြားစာအရ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်ပြီး ဝန်ကြီးကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းကိုကျော်ပြီး လုပ်ဆောင်တာဖြစ်တဲ့ အတွက် ပါဝင်သူတွေကို အရေးယူမှုတွေပြုလုပ်မယ်လို့ ပြောပါတယ်။
"ပါဝင်တဲ့ သူတွေကို အရေးယူမှုတွေပြုလုပ်သွားမှာပါ။ ဇီးပင်ကြီးကနေ ပေးပို့တဲ့ တိုင်ကြားစာက ကျွန်တော့်ဆီကို ပို့ထားတာပါ။ ဒါပေမယ့် ကော်ပီ ပေးတဲ့ အခါ ညွှန့်ကြားရေးမှူးဆီရောက်ပြီးတော့ မိတ္တူကိုတွေ့ပြီးလုပ်တာပါ။ ဝန်ကြီးဌာနကတော့ ညွှန့်ကြားထားတာမဟုတ်ပါဘူး။"လို့ ဝန်ကြီးကပြောပါတယ်။
ဒေါက်တာ စိုးသူရဇော်ထံ ပေးပို့တဲ့စာမှာ ဇီးပင်ကြီးသင်တန်း တက်ရောက်ရာမှာ လိုက်နာရတဲ့ နေပုံ၊ ထိုင်ပုံတွေကို ဝေဖန်ထားတာ၊ “ဝန်ထမ်းသတ်၍ အစိုးရသေခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်သင်ကြားတဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ ဆရာ၊ ဆရာမတွေကို ဝေဖန်ထားတာ၊ “ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီး တည်ထောင်တော်မူခဏ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) ရဲ့ စည်းကမ်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို ဝေဖန်ထားတာ ဆိုတဲ့ အချက်တွေကို စွဲချက်တင်ထားတာလို့ ဖော်ပြထားပါတယ်။
ဒီလို စစ်ဆေးတဲ့အပေါ်မှာ ကန့်ကွက်ကြောင်းနဲ့ ဒေါက်တာ စိုးသူရဇော်ကို အားပေးထောက်ခံကြောင်း ပြည်တွင်းက ဆရာဝန်တချို့က ဦးဆောင်ပြီး အွန်လိုင်းကနေ လှုပ်ရှားမှု ပြုလုပ်မှုတွေလည်းရှိနေပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ လက်အောက်မှာ အထက်မြန်မာပြည်အတွက် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ အောက်မြန်မာပြည်အတွက် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပါတယ်။