ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အဝတ်လဲခန်းအတွင်း ဒေးဗစ်လုဇ်က အသင်းအတွက် အရမ်း ထိရောက်စေတဲ့ကစားမာဆိုတာ ဟုတ်ပါသလားလို့ သတင်းထောက်ရဲ့ မေးခွန်းကိုဖြေကြားခဲ့တာပါ။
အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို ၁-ဝနဲ့ အနိုင်ရခဲ့ပြီးနောက် ပွဲအပြီးမှာ နည်းပြ အူနိုင်း အမ်မရီက နောက်ခံလူသစ် ဒေးဗစ်လုဇ်ကို ခေါ်ယူနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး မှတ်ချက်စကား ပြောခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
အူနိုင်းကတော့ ဒေးဗစ်လုဇ်ကို ခေါ်ယူနိုင်မှုက အသင်းအတွက် များစွာ အကျိုး ဖြစ်ခဲ့တယ်လို့ ချီးကျူး ဂုဏ်ပြုခဲ့ ပြီး လုဇ်ကတော့ ဘုန်းမောက်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် လုဇ်ကတော့ ချဲလ်ဆီးကနေ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် လက်ရှိမှာ တစ်ဂိုးစတင်သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“ သူက အရမ်းကို အကျိုးရှိစေပါတယ်။ အမြဲတမ်း အကောင်းပြောတတ်သူပါ၊ နောက်ပြီး လူငယ်တွေကိုလည်း အမြဲကူညီပါတယ်။ အသင်းကို နောက်ကျပြီးမှ ရောက်လာပေမယ့် အသင်းအပေါ် ထားတဲ့စိတ်ဓာတ်ကတော့ အမြင့်ဆုံးမှာရှိပါတယ်။ သူ့ရဲ့ အပြုအမူကလည်း အရမ်းကို အဆင့်မြင့်လွန်းပါတယ်။ သူ့ကြောင့် အားလုံး ပျော်ရွှင်ကြရပါတယ်။” လို့ အူနိုင်းက ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းကတော့ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲကြောင့် လိဂ်အဆင့် ၃ မှာ ရမှတ် ၁၅ မှတ်နဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းကတော့ ၈ ပွဲကစား ၈ ပွဲနိုင်ထားလို့ ၂၄မှတ်နဲ့ အမှတ်ဖြတ် ဦးဆောင်နေပါတယ်။