Lenovo Legion ဟာ ဈေးကွက်ထဲမှ မမြင်ဖူးသေးတဲ့ feature တစ်မျိုးကို သုံးလာမယ့် Gaming Phone တစ်လုံးပါ။
Lenovo ဟာ လာမယ့် ဇူလိုင် ၂၂ ရက်မှာ Lenovo Legion နာမည်နဲ့ Gaming Phone တစ်လုံးကို မိတ်ဆက်သွားမှာပါ။ လောလောဆယ် တရုတ် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ JD.com ပေါ်မှာ တက်လာတဲ့ အချက်အလက်တွေအရ Legion ဟာ ဖုန်းညာဘက်ဘေးဘောင် အလယ်မှာ 20MP pop-up selfie ကင်မရာ သုံးမယ်လို့ ဆိုပါတယ်။

Photo: Tech Radar
တစ်နည်းအားဖြင့် Legion ဖုန်းအတွက် selfie ကင်မရာကို သုံးမယ်ဆိုရင် ဖုန်းကို အလျားလိုက်ကိုင်ပြီး ဆယ်လ်ဖီဆွဲရမှာ ဖြစ်ပါတယ်။ ဂိမ်းကစားမယ်ဆိုရင် landscape mode ထားပြီး ဂိမ်းကစားရတာ ဖြစ်လို့ Lenovo Legion ဟာ Gaming ဖုန်းတစ်လုံးအတွက် ဂိမ်းကစားရင်း Streaming လွှင့်လို့ ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
နောက်ထပ် ကြားရတဲ့ အချက်အလက်သစ်တွေအရ ကင်မရာ pop-up ထွက်ဖို့အတွက်က ၀.၄၉၆ စက္ကန့်ပဲ အချိန်ယူပြီး အတွင်းကို ပြန်ဝင်ဖို့ ၀.၅ စက္ကန့်ပဲ ကြာမယ်လို့ ဆိုပါတယ်။ ဒါဟာ pop-up ဖုန်းကင်မရာတွေထဲမှာ အမြန်ဆုံးလည်း ဖြစ်မယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ pop-up ကင်မရာဟာ အကြိမ်ပေါင်း ၄ သိန်းကျော်အထိ သုံးနိုင်မှာပါ။
Photo: Yahoo News
Lenovo Legion ဂိမ်းဖုန်းဟာ မျက်နှာပြင် ၆.၆၇ လက်မရှိပြီး AMOLED display သုံးသွားမှာပါ။ Gaming Phone တစ်လုံးအတွက် screen frame rate အမြင့်ဖြစ်တဲ့ 144Hz refresh rate ပါရှိမယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံးပေါ် Snapdragon 865+ processor နဲ့အတူ RAM 6GB/128GB storage ပါရှိပြီး 90W fast charging စနစ်လည်း ပံ့ပိုးသွားဖို့ ရှိပါတယ်။
ကျောဘက်မှာ64MP main sensor နဲ့ 16MP wide-angle ကင်မရာတွေ ပါရှိပြီး ကျောဘက်မှာ RGB lighting နဲ့ အလန်းစား Legion branding ဒီဇိုင်းကို သုံးသွားမှာပါ။ ရူပီး ၅၀၀၀၀ (မြန်မာငွေ ၉ သိန်းကျော်) ဝန်းကျင်ဈေးနဲ့ ဖြန့်ချိသွားမယ်လို့လည်း သတင်းထွက်နေပါတယ်။