ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်မှာ ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ မစိမ့်ထက်ရဲ့ဖခင် ဦးမောင်မောင်လေးက Duwun ကိုပြောပါတယ်။
Photo - Saint Htet Fb
လက်ရှိတော့ မစိမ့်ထက်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ပူတာအိုမြို့ကို ပြန်လည် ယူဆောင်လာမယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ အလောင်းကိုပြန်တွေ့ပြီလို အတည်ပြုချက်ရလာတော့ သူဟာ အမှန်တကယ် သေဆုံးသွားပြီဆိုတာ စတင်လက်ခံလို့ရပြီပေါ့။ ရုပ်အလောင်းကို ပူတာအိုမှာပဲ သဂြိုလ်ဖို့ အစီအစဉ်ရှိပါတယ်” လို့ မစိမ့်ထက်ရဲ့ ဖခင် ဦးမောင်မောင်လေးက ပြောပါတယ်။
မေလ ၁၈ ရက်မှစပြီး ဒေသခံ (၈) ယောက်အဖွဲ့ ဦးဆောင်ကာ ပျောက်ဆုံးနေတဲ့ မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်ကို ရှာဖွေခဲ့ရာ မေလ ၂၄ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ပြန်လည်သယ်ယူလာခဲ့ပြီး လောလောဆယ်တော့ အပြန်ခရီးမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက The Summiter တောင်တက်အဖွဲ့နဲ့အတူ ကချင်ပြည်နယ် ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ မစိမ့်ထက် ပါဝင်ခဲ့တာဖြစ်ပါတယ်။ တောင်ထိပ်ရောက်ပြီးနောက် တောင်အောက်ကို ပြန်ဆင်းရာမှာ မတော်တဆ ခြေချော်ပြီး ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့ The Summiter တောင်တက်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
“အဓိကက ခေါင်းဆောင်နှစ်ဦး ပေ့ါဆလို့ ကျွန်တော့်သမီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတယ်။ တောင်တက်ပြီး ဆင်းဆင်းလာခြင်းမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ပြန်ရှာဖွေရာမှာကို ပျက်ကွက်ခဲ့တယ်။ သူတို့ မရှာဘဲနဲ့ ရန်ကုန်ကို ပြန်လာခဲ့တယ်။ ကျွန်တော်တို့ ၃ ရက်အကြာမှ သိခဲ့ရတယ်။ ဥပဒေကြောင်းအရ ဆက်သွားမှာပါ” လို့ ဦးမောင်မောင်လေးက ဆိုပါတယ်။
မစိမ့်ထက်ရဲ့ အလောင်းကို ပထမအကြိမ်ရှာဖွေစဉ်က အလောင်းကို မတွေ့ရှိရဘဲ စုတ်ပြဲနေတဲ့ ဂျာကင်၊ မျက်မှန်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုသာ တွေ့ရှိခဲ့ရပါတယ်။ မိသားစုဝင်တွေက မစိမ့်ထက်ရဲ့ အလောင်းကို တွေ့ရှိပါက ငွေကျပ်သိန်း ၅၀ ပေးအပ်မည်လို့ ကြေညာပြီး ပြန်လည် ရှာဖွေမှုတွေ လုပ်ဆောင်ရာမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။