ကွင်းလယ်လူ အိုဇေးလ်ကို ပြန်လည်ရောင်းချဖို့ အမ်မရီက ပြင်ဆင်နေပေမယ့်လည်း အိုဇေးလ်အတွက် လက်ရှိအချိန်ထိ တစ်စုံတစ်ရာကမ်းလှမ်းမှုမရှိသေးဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအတွက်တော့ လက်ရှိနွေရာသီဈေးကွက်က စိတ်ရှုပ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကစားသမားသစ်ဝယ်ယူဖို့အတွက် ငွေကြေးလုံလောက်မှုမရှိလို့ အခက်တွေ့နေရသလို ရောင်းချချင်တဲ့ ကစားသမားအတွက် ကမ်းလှမ်းမှုမရှိလို့လည်း အသင်းမှာပဲ ဆက်လက်ထားရှိရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကွင်းလယ်လူ အိုဇေးလ်ကို ပြန်လည်ရောင်းချဖို့ အမ်မရီက ပြင်ဆင်နေပေမယ့်လည်း အိုဇေးလ်အတွက် လက်ရှိအချိန်ထိ တစ်စုံတစ်ရာကမ်းလှမ်းမှုမရှိသေးဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်ဟာ အသင်းမှာ လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ ရရှိခံစားနေရတာ ဖြစ်ပါတယ်။
အိုဇေးလ်ကို ပြန်လည်ရောင်းချပြီး အပြောင်းအရွှေ့ဘတ်ဂျက် တိုးပွားလာအောင် အမ်မရီက ကြံစည်နေပေမယ့် ကစားသမားက အမ်းမရိတ်စ်မှာသာ ဆက်လက်ရှိနေဖွယ်ရှိပါတယ်။ ဒါပေမယ့် အိုဇေးလ်အနေနဲ့ အသင်းမှာ ဆက်လက်ကစားချင်တယ်ဆိုရင် လစာလျှော့ယူရမယ့် အနေအထားမှာလည်း ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်ထိ အာဆင်နယ်ဟာ ကစားသမားသစ်ဝယ်ယူမှုမပြုလုပ်နိုင်သေးပဲ ဆဲလ်တစ်နောက်ခံလူ တီယာနေး နဲ့ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဘယ်လ်ဂျီယံကွင်းလယ်လူ ကာရက်စ်ကိုကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီးမှ ပြောင်းရွှေ့ကြေးအခက်အခဲကြောင့် နောက်ဆုတ်ခဲ့ရတဲ့ အာဆင်နယ်အတွက် အသင်းရဲ့ ကစားသမားတွေကို အရင်ဦးဆုံးရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။
အဓိကကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့လည်း အမ်မရီက ကြိုးစားနေရပြီး အော်ဘာမီယန်၊ တော်ရဲရားတို့လို ကြယ်ပွင့်ကစားသမားတွေကို အသင်းတချို့က ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အော်ဘာမီယန်ကို တရုတ်ကလပ်တွေက ကမ်းလှမ်းထားပြီး တော်ရဲရားကို အေစီမီလန်က ဆက်သွယ်နေတာလည်း ဖြစ်ပါတယ်။