ချယ်ဆီးအသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ နည်းပြဆာရီဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ဂျော်ဂျင်ဟိုကို နောက်တစ်ကြိမ် ရွေးချယ်ခဲ့ပြီး အလွန်အားကိုးအားထားပြုနေတာနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ရှိနေကြပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘုန်းမောက်အသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ရောက်ရှိလာပြီးနောက်ပိုင်း အကြီးမားဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကို တွေ့ကြုံခဲ့တာဖြစ်ပါတယ်။ နည်းပြဆာရီဟာ မိနစ် ၅၀ နောက်ပိုင်း အံ့အားသင့်ဖွယ် ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ကြောင့် နားမလည်နိုင်ဖြစ်ခဲ့ပြီး ပွဲအပြီးမှာ အဝတ်လဲခန်းတံခါးပိတ်ပြီး အသင်းသားတွေကို စစ်မေးခဲ့ပါတယ်။
ဆာရီဟာ အသင်းသားတွေဆီက ပြဿနာဖြစ်နေတဲ့ အကြောင်းအရင်းကို တုံ့ပြန်ဖြေကြားတာကို လိုချင်ခဲ့တာဖြစ်တယ်လို့ The Telegraph ရဲ့သတင်းအရ သိရပြီး အသင်းရဲ့ကစားဟန်ဟာ ဂျော်ဂျင်ဟိုအပေါ် အရမ်းမှီခိုလွန်းနေကြောင်း ပြောဆိုမှုတွေ ရှိနေကြတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
နာပိုလီကွင်းလယ်ဖန်တီးရှင်ဟောင်း ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက ချယ်ဆီးအသင်းကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ချယ်ဆီးအသင်းကွင်းလယ်မှ ကန်တေရဲ့နေရာကို အစားထိုးရယူခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြိုင်ဘက်အသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ဆီဂတ်ဆန်က အသက်ရှူဖို့ ခက်ခဲလောက်အောင် လုပ်ခဲ့သလို၊ နောက်နေ့အနည်းငယ်မှာ အလီကလည်း တစ်ပုံစံတည်း လုပ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာလည်း ဘုန်းမောက်ကွင်းလယ်ကစားသမား ဒေးဗစ်ဘရွတ်ခ်ရဲ့ထိန်းချုပ်ခြင်းကို ခံခဲ့ရပါတယ်။ ချယ်ဆီးကစားသမားအချို့ဟာ ဂျော်ဂျင်ဟိုကို ရပ်တန့်လိုက်ခြင်းအားဖြင့် Sarri Ball လို့အမည်ပေးထားတဲ့ ဆာရီရဲ့ နည်းစနစ်ကို ပြိုင်ဘက်တွေ ဘယ်လိုရပ်တန့်ရမယ်ဆိုတာ သိရှိသွားတာကို ကြောက်ရွံံ့နေပြီး ဆာရီအနေနဲ့ နောက်ထပ် ချဉ်းကပ်မှုအသစ်တစ်ခုကို စဉ်းစားသင့်တယ်လို့ ယုံကြည်နေကြပါတယ်။