ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းနိုင်တဲ့ ဥပဒေမူကြမ်းကို စီစဉ်ခဲ့မှုကြောင့် ဟောင်ကောင်အစိုးရကို ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့ (ဇူလိုင် ၁၄ ရက်) မှာလည်း ထပ်မံ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှော့ပင်းမောလ်တစ်ခုအတွင်း ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးနဲ့ ရာဘာအစွပ်တုတ်များသုံးပြီး ဆန္ဒပြလူအုပ်စုငယ်များကို ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ပုလင်းများနဲ့ အခြား အရာဝတ္ထုတို့ဖြင့် ပစ်ပေါက်ခဲ့ကြပြီး အကြမ်းဖက်ပဋိပက္ခတွေ နောက်ထပ် ဖြစ်ပေါ်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဆန္ဒပြမှုတွေကို တရုတ်ပြည်မကြီးနဲ့ နယ်စပ်အနီးမှာ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။



ထိုနေ့ မွန်းလွဲပိုင်းမှာ ဆန္ဒပြသူတွေက လမ်းဆုံတစ်ခုမှာ နေရာယူပိတ်ဆို့ခဲ့ရာမှ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် အဆိုးဆုံး ထိပ်တိုက်တွေ့မှုတွေကတော့ ညပိုင်းမှာ ဆန္ဒပြသူတွေ ဝင်ပြေးသွားခဲ့ကြတဲ့ ရှော့ပင်းမောလ်အတွင်း ပေါ်ပေါက်လာခဲ့ကြောင်း ထိုနေရာမှာရှိနေတဲ့ AFP သတင်းထောက်တွေက ပြောပါတယ်။

(Photo: AFP)

တန်ဖိုးကြီး ဖက်ရှင်စတိုးဆိုင်တွေရှိတဲ့ ရှော့ပင်းမောလ် အဆောက်အအုံအတွင်း ရဲတပ်ဖွဲ့က ဒိုင်းကာနဲ့ ရာဘာအစွပ်တုတ်များဖြင့် ဖိနှိပ်ရိုက်နှက်ကာ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့တဲ့ ဈေးဝယ်စင်တာအတွင်း အနည်းဆုံး ရာအရာရှိတစ်ဦး သတိမေ့လဲကျသွားခဲ့ကြောင်းနဲ့ ရှော့ပင်းမောလ်ကြမ်းပြင်မှာ သွေးတွေစွန်းထင်းနေခဲ့ကြောင်း AFP က ဖော်ပြပါတယ်။

ရှော့ပင်းမောလ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လဲကျသွားတဲ့ ဆန္ဒပြသူတစ်ဦးကို စေတနာ့ဝန်ထမ်း ဆေးဘက်အကူတွေက ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် ည ၁၀ နာရီမှာတော့ ဆန္ဒပြသူအများစုဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ Sha Tin အရပ်ဒေသကနေ ထွက်ခွာသွားကြပါတယ်။ တနင်္ဂနွေနေ့မှာ ဟောင်ကောင် မီဒီယာအဖွဲ့အစည်း ၇ ခုကလည်း ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတွေကို တိတ်ဆိတ်စွာ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှစပြီး ပေါ်ပေါက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ လူဦးရေသန်းနဲ့ချီ ပါဝင်ခဲ့ကြပြီး သမိုင်းဝင် ဆန္ဒပြမှုလည်းဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီးနောက် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ အသက်မဝင်တော့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေကတော့ ထိုဥပဒေမူကြမ်းကို လုံးဝဖျက်သိမ်းပစ်ရန် တောင်းဆိုထားခဲ့ကြပါတယ်။

(Photo: Reuters)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က