ကမ်းခြေကိုပိတ်ဖို့ အစိုးရရဲ့ တရားဝင်ညွှန်ကြားချက်မရှိထားပါဘူး။

ငပလီကမ်းခြေကို ပိတ်ဖို့ အစိုးရရဲ့ တရားဝင် ညွှန်ကြားချက်မရှိထားပေမယ့် ဧည့်သည်အဝင်မရှိလို့ ပိတ်ထားရသလို ဖြစ်နေတာပဲ ရှိတာပါ။



COVID-19 ဖြစ်ပွားနေစဥ်ကာလမှာ ရခိုင်ပြည်နယ် သံတွဲမှာရှိတဲ့ ငပလီကမ်းခြေကို ပိတ်ထားဖို့ အစိုးရက တရားဝင် ညွှန်ကြားထားခြင်းမရှိပေမယ့်လည်း ဧည့်သည်အဝင်မရှိလို့ အလိုအလျောက်ပိတ်ထားရတဲ့ သဘောဖြစ်နေတယ်လို့ သံတွဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က Duwun ကို ပြောပါတယ်။



ငပလီကမ်းခြေကို ဧည့်သည်အဝင်မရှိတော့တာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး ဟိုတယ်အချို့မှာ ဝန်ထမ်း လျှော့တာတွေရှိတယ်လို့လည်း သိရပါတယ်။

“ဟိုတယ်တွေကတော့ ဧည့်သည်မလာတော့ အလုပ်မရှိဘူးပေါ့။ ဒီကာလမှာတော့ တချို့ဟိုတယ်တွေက ဝန်ထမ်း လျှော့တာတွေ ထိန်းထားတာတွေ လုပ်ရပါတယ်။ ဒီကာလမှာ ဟိုတယ်လုပ်ငန်းတွေအားလုံး ထိခိုက်ကြပါတယ်။ ကျွန်တော်တို့ကတော့ ကမ်းခြေကို ပိတ်ဖို့ ညွှန်ကြားချက်ကို နိုင်ငံတော်အဆင့်က လုပ်မှရမယ်၊မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နဲ့ လုပ်လို့မရတဲ့အတွက် နိုင်ငံတော်က ညွှန်ကြားလာခြင်းမရှိတဲ့အတွက် ပိတ်ဖို့တော့ တရားဝင် ညွှန်ကြားထားခြင်းတော့ မရှိပါဘူး။”လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လေကြောင်းလိုင်းတွေ ပြေးဆွဲမှု မရှိတော့တဲ့အတွက် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု အလိုလို ရပ်သွားကာ ကမ်းခြေကို အလိုအလျောက်ပိတ်စေခဲ့တာလည်း ဖြစ်ပါတယ်။

ကမ်းခြေကို ပိတ်ဖို့တရားဝင် ညွှန်ကြားချက်မရှိတဲ့အတွက် ဧည့်သည်အဝင်ရှိလာခဲ့ရင်လက်ခံဖို့ ရှိမရှိ အပေါ်မှာ တော့ - “ ဧည့်သည်အဝင်ကိုတော့ သေချာစိစစ်ပါတယ်။ ကျွန်တော့် ဆန္ဒအရဆိုရင်တော့ ဒီကာလမှာ ဧည့်သည် လက်ခံဖို့ မသင့်ပါဘူး။ငပလီကမ်းခြေကိုလည်း ပိတ်မထားပါဘူး။ဧည့်သည်က သူ့အလိုလိုကို မလာတာပါ။”လို့ ဦးဝင်းနိုင်က ပြောပါသေးတယ်။

စစ်တွေမြို့မှာရှိတဲ့ စစ်တွေကမ်းခြေကိုတော့ အများပြည်သူအတွက် ပြန်လည်ခွင့်ပြုထားပေမယ့် ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်တွေကိုတော့ ဖွင့်ခွင့်မပေးသေးဘူးလို့လည်း စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းလှိုင်ရဲ့ Duwuကို ပြောပြချက်အရသိရပါသေးတယ်။

စစ်တွေကမ်းခြေကတော့ ငပလီကမ်းခြေလို ဟိုတယ်စနစ်နဲ့ ခရီးသွားဧည့်သည်တွေ လာရောက်တည်းခိုအပန်းဖြေ တဲ့ နေရာမဟုတ်ဘဲ အများပြည်သူ အပန်းဖြေအနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာတော့ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂ဦးရှိနေပြီး တစ်ဦးက တောင်ကုတ်ကဖြစ်ကာ တစ်ဦး ကတော့ သံတွဲက ဖြစ်ပါတယ်။

နှစ်ဦးစလုံးက မလေးရှားပြန် အမျိုးသားတွေဖြစ်ပြီး နိုင်ငံတော် အစီအစဥ်နဲ့ ပြန်ရောက်လာလို့ သက်ဆိုင်ရာ မြို့ တွေက ကွာရန်တင်းနေရာတွေမှာ အသွားအလာကန့်သတ်ထားသူတွေဖြစ်တာကြောင့် အခြားသူတွေနဲ့ထိတွေ့ဆက်စပ်မိခြင်း မရှိထားကြပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က