မျက်နှာကိုကြည့်ပြီး ဝေဖန်နေတဲ့သူတွေကြောင့် စိတ်အားငယ်မိတယ်တဲ့။

လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

Photo: Ye Deight



သရုပ်ဆောင် ရဲတိုက်ကတော့ သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာပါတယ်။ သူ့မျက်နှာကိုကြည့်ပြီး ဝေဖန်ကြတဲ့ မှတ်ချက်တွေအပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။

"ကျွန်တော်အာရုံကြော အားနည်းမူကြောင့် လူတွေနဲ့ စကားပြောဆိုအဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော့် ရုပ်ကိုကြည့်ပြီး ဆေးကြောင်နေတယ် ဆိုတဲ့ စကားသံတချို့တွေကြောင့် တကယ်စိတ်အားငယ်မိပါတယ်။ ခုလည်းဆေးသောက်နေရပါတယ်။ ကျွန်တော်အရင်လို့ဖြစ်လာအောင်ကြိုးစားနေပါတယ်" ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

ရဲတိုက်ဟာ ဧပြီ(၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေ ပြောခဲ့ပါသေးတယ်။ အဲဒီ live ထဲမှာ သူရဲ့ မျက်နှာပုံစံဟာ အရင်တုန်းကနဲ့ မတူတာကြောင့် ပရိသတ်တွေကမှတ်ချက် အမျိုးမျိုးပေးခဲ့ကြတာဖြစ်ပါတယ်။

Photo: Ye Deight

ရဲတိုက် ထောင်က လွတ်လာပြီးနောက်မှာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ အာရုံကြောနဲ့ ပတ်သက်တဲ့ဝေဒနာ ခံစားနေရတဲ့ ရဲတိုက်ဟာ မီးထိုးမှန်ထိုးတွေကို မခံနိုင်တာကြောင့် အနုပညာအလုပ်တွေကို အများကြီး ပြန်မလုပ်ခဲ့ရပါဘူး။

ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ အချိန်မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေ ရွေးချယ် ရိုက်ကူးသွားမယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

‘’ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီး ဇာတ်ကားကောင်းတွေကြည့်ရမှာပါ။ အနုပညာသမားတိုင်းက ဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်း တယ်မကောင်းဘူး ကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံ ထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Ye Deight

ရဲတိုက်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေရာကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာပါ။ ရဲတိုက် ထောင်က ထွက်လာပြီးမှ ရိုက်ကူးတဲ့ "ဒဏ္ဍာရီမိုး" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရိုက်ကူးရေးတွေ နားထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က