မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းမယ်လို့ ကတိပြုထားခဲ့တဲ့ ၎င်းရဲ့ ဒုံးကျည်ပစ်လွှတ်နေရာကို ထိန်းသိမ်းပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ အမေရိကန် စောင့်ကြည့်အုပ်စုနှစ်ခုက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ Sohae Satellite Launching Station ရှိ ဒုံးကျည်ပစ်လွှတ်နေရာကို အသစ်ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အဆိုပါနေရာမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap နဲ့ အမေရိကန် စောင့်ကြည့်အုပ်စုနှစ်ခုက မတ်လ ၅ ရက်မှာ ပြောခဲ့ကြပါတယ်။
Sohae စခန်းရှိ ဒုံးကျည်ပစ်လွှတ်နေရာကို ဂြိုဟ်တုလွှတ်တင်မှုတွေနဲ့ ဒုံးကျည်အင်ဂျင် စမ်းသပ်မှုတွေအတွက် အသုံးပြုခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့မှု မရှိခဲ့ဘူးကြောင်း သိရပါတယ်။ အဆိုပါ နေရာကို ယမန်နှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း ဖျက်သိမ်းရန် စတင်လုပ်ဆောင်ခဲ့ပါတယ်။
(Sohae Sohae Satellite Launching Station) (Photo: AFP)
သို့သော် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးရာမှာ တိုးတက်မှုမရှိဘဲ မတိုးသာမဆုတ်သာ ဖြစ်လာခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေရာ ဖျက်သိမ်းရန်လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒုံးကျည်ပစ်လွှတ်နေရာကို ဖျက်သိမ်းမှုကို မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆောင်ရွက်မှုတစ်ခုအဖြစ်လည်း ရှုမြင်ခဲ့ကြပါတယ်။
Sohae စခန်းဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုများလွှတ်တင်တဲ့ အဓိက နေရာဖြစ်ပြီး အမေရိကန်အထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်အင်ဂျင်များကိုလည်း အဆိုပါ စခန်းနေရာမှာ စမ်းသပ်ခဲ့ပါတယ်။ Sohae စခန်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး တောင်တန်းများကြားမှာ တည်ရှိပါတယ်။
ဒုံးကျည်ပစ်လွှတ်နေရာ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က 'မြောက်ကိုရီးယားအနေနဲ့ ၎င်းရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းခြင်းမပြုပါက အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်နိုင်ကြောင်း' သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ ဖေဖေါ်ဝါရီ ၂၇၊ ၂၈ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီချက် မရရှိခဲ့ကြပါဘူး။
(ထရန်နဲ့ကင်မ် ဗီယက်နမ်မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်) (Photo: Reuters)
မြောက်ကိုရီးယားက အရေးယူပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပယ်ဖျက်ပေးရန် တောင်းဆိုမှုကို အမေရိကန်က ငြင်းပယ်ခဲ့ပြီးနောက် သဘောတူညီမှုမရရှိဘဲ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့တယ်လို့ အမေရိကန်သမ္မတထရန့်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ၎င်းတို့အနေနဲ့ အရေးယူပိတ်ဆို့မှု အားလုံးကိုရုပ်သိမ်းရန် တောင်းဆိုခဲ့ခြင်မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ရုပ်သိမ်းပေးရန် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြောခဲ့ကြောင်း သိရပါတယ်။