ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂြိုဟ်တုဓာတ်ပုံတွေအရ မြောက်ကိုရီးယားက ၎င်းရဲ့ ဒုံးကျည်အင်ဂျင် စမ်းသပ်စခန်း ဖျက်သိမ်းနေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။
Photo: AFP/PLEIADES CNES 2018
မြောက်ကိုရီးယားက ဇူလိုင်လနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်စခန်း ဖျက်သိမ်းနေမှုကို သြဂုတ်လအတွင်း ရပ်ဆိုင်းခဲ့တယ်လို့ 38 North စောင့်ကြည့်အဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကတိပြုထားခဲ့ပေမဲ့ ဒုံးကျည်စမ်းသပ်စခန်း ဖျက်သိမ်းနေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ 38 North အဖွဲ့အစည်းက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
Photo: Reuters
မြောက်ကိုရီးယားရဲ့ Sohae Satellite Launching Station ကို သြဂုတ် ၁၆ ရက်မှာ ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ သြဂုတ် ၃ ရက်မှစပြီး ဒုံးကျည်အင်ဂျင်စမ်းသပ်နေရာ သို့မဟုတ် ဒုံးကျည်ပစ်လွှတ်နေရာတွေကို ဖျက်သိမ်းနေတဲ့ လှုပ်ရှားမှုမတွေ့ရကြောင်း 38 North က ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက မြောက်ကိုရီးယားဟာ သမ္မထရန့်နဲ့ ဇွန်လ ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ ကတိပြုထားခဲ့တဲ့အတိုင်း Sohae ဒုံးကျည်စမ်းသပ်စခန်းကို စတင်ဖျက်သိမ်းနေပြီလို့ ပြောထားခဲ့ပါတယ်။
Photo: Reuters
38 North အဖွဲ့ကလည်း မြောက်ကိုရီးယားက ၎င်းရဲ့ ဒုံးကျည်စမ်းသပ်စခန်း ဖျက်သိမ်းမှုကို ဇူလိုလနှောင်းပိုင်းမှ သြဂုတ်လအစပိုင်းအထိ လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိရတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ ဒုံးကျည်စမ်းသပ်စခန်းဖျက်သိမ်းမှုကို မြောက်ကိုရီးယားက ရပ်ဆိုင်းထားလိုက်ပြီလို့ အဆိုပါ စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 38 North ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတအိမ်ဖြူတော်က မှတ်ချက်ပေးမှုမရှိသေးပါဘူး။
Infographic: CNA
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်အဖွဲ့ International Atomic Energy Agency (IAEA) ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်များ ရပ်ဆိုင်းလိုက်တဲ့ လက္ခဏာမတွေ့ရကြောင်း တနင်္လာနေ့ (သြဂုတ် ၂၀ ရက်) မှာ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က စင်ကာပူမှာပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်သွားမယ်လို့ သဘောတူညီ ကတိပြုထားခဲ့ကြောင်း သိရပါတယ်။