အိန္ဒိယမှာ မော်ဝါဒီသူပုန်များက ဗုံးခွဲတိုက်ခိုက်မှုလို့ သံသယရှိရတဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် အိန္ဒိယအထူးတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(မဟာရက်ရှ်ထရာပြည်နယ်ဝန်ကြီးချုပ် ဒီဗင်ဒရာနှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ) (Photo: AFP)
ယနေ့ (မေလ ၁ ရက်) ဗုံးခွဲတိုက်ခိုက်မှုဟာ အိန္ဒိယရွေးကောက်ပွဲကာလအတွင်း နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာပါတယ်။ အိန္ဒိယမှာ မော်ဝါဒီသူပုန်တွေက ဆယ်စုနှစ်များကြာ တော်လှန်ပုန်ကုန်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။
"ကယ်ဆယ်ရေးနဲ့ တိုက်ခိုက်ချေမှုန်းရေး စစ်ဆင်ရေးတွေလုပ်ဖို့အတွက် အခင်းဖြစ်နေရာကို နောက်ထပ် ကွန်မန်ဒိုအဖွဲ့တွေ စေလွှတ်ထားပါတယ်" လို့ အမည်မဖော်ပြလိုတဲ့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။ အိန္ဒိယမှာ မဲပေးရက် ခုနစ်ရက်သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပြုလုပ်နေပြီး မော်ဝါဒီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
မော်ဝါဒီသူပုန်တွေက အိန္ဒိယပြည်နယ်အချို့မှာ လှုပ်ရှားနေကြပြီး ရွေးကောက်ပွဲများပြုလုပ်ချိန်မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ယနေ့တိုက်မှုဟာ မဟာရက်ရှ်ထရာပြည်နယ် ဂတ်ဒ်ချီရိုလီနယ်မြေမှာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။
(မော်ဝါဒီသူပုန်များ) (Photo: NDTV)
"မော်ဝါဒီတွေက ဒီနေ့ ၁၂ နာရီခွဲအချိန် ဂတ်ဒ်ချီရိုလီမှာ ကားအစီးရေ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်၊ သူတို့ရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကွန်မန်ဒို ၁၅ ယောက်နဲ့ ရဲအရာရှိတစ်ယောက် ကျဆုံးခဲ့တယ်၊ ကယ်ဆယ်ရေးနဲ့ သူပုန်တွေကို လိုက်လံချေမှုန်းရေး လုပ်ဆောင်နေပါတယ်" လို့ ဂတ်ဒ်ချီရိုလီ ရဲတပ်ဖွဲ့အရာရှိ ပရာရှန့်ဒူတီက AFP ကို ပြောပါတယ်။
အိန္ဒိယတပ်ဖွဲ့တွေနဲ့ မော်ဝါဒီသူပုန်များကြား ဆယ်စုနှစ်များကြာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ကြပြီး လူဦးရေ သောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ မော်ဝါဒီတို့က အိန္ဒိယပြည်နယ် ၂၀ မှာရှိနေတယ်လို့ ယုံကြည်ရပြီး ချတ်တစ်ဂါဟ်၊ သြရိသျှ၊ ဘီဟာ၊ ဂျေဟာခန်းနဲ့ မဟာရက်ရှ်ထရာပြည်နယ်တွေမှာ အများဆုံးလှုပ်ရှားနေကြပါတယ်။ အိန္ဒိယရွေးကောက်ပွဲ မဲပေးမှုတွေကို ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိ နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေကြောင်း သိရပါတယ်။