အပူချိန်မြင့်တက်မှုကို အထူးဂရုစိုက်ဖို့လိုအပ်

မေလ ၁၅ ရက်ကနေ ၂၁ ရက်အထိ တစ်ပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုမှာ အန္တရာယ်ရှိလောက်တဲ့ အပူချိန်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောထားပါတယ်။

မုတ်သုံအဝင်နောက်ကျပြီး မုန်တိုင်းလည်း မဖြစ်ပွားသေးတာကြောင့် အပူချိန်မြင့်တက်မှုကို အထူးဂရုစိုက်ကြဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနသာၤရီတိုင်းတို့မှ လွဲပြီး ကျန်တစ်ပြည်လုံးမှာ အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံကို မုတ်သုံလေဝင်ရောက်မှုဟာ ပုံမှန်ထက် နောက်ကျနိုင်ပြီး အနောက်တောင်မုတ်သုံလေဦးမှာ တောင်ပိုင်းဒေသတွေကို မေလ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ဝင်ရောက်မယ်လို့ ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေမှာတော့ မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း၊ အလယ်ပိုင်းဒေသတွေမှာ မေလ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း၊ မြောက်ပိုင်းဒေသတွေမှာ မေလ ၃၀ ကနေ ဇွန်လ ၁ ရက်အတွင်း မုတ်သုံလေ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အပူချိန်မြင့်တက်ခဲ့ပြီး မေလ ၁၂ ရက်နေ့ မှာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အပူချိန် ၄၄ ဒီဂီဆဲလ်စီးယပ်စ်နဲ့ အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ယခုနှစ်အတွင်း မုတ်သုံလေဝင်ရောက်မှု နောက်ကျပြီး မိုးဦးကာလမှာ မိုးရွာသွန်းမှုနည်းပါးမယ်လို့ မိုး/ဇလဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောခဲ့ပါတယ်။ အယ်လ်နီညိုရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံရာသီဥတုဟာ ဆက်လက် ပူပြင်းနေမှာဖြစ်ပြီး အယ်လ်နီညိုသက်ရောက်မှုက စက်တင်ဘာလလောက်အထိ ရှိနေဦးမယ်လို့လည်း မိုး/ဇလကနေ ကြေညာထားပါတယ်။

Share

Loading Next Article...
က္က