ဘာစီလိုနာအသင်းဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာတူရိုဗီဒယ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုအောင်မြင်တာနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်တော့မယ်လို့ သိရပါတယ်။ The Guardian ရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာတူရိုဗီဒယ်ကို ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပြီး ယူရိုသန်း ၃၀ နဲ့ နောက်ဆုံးအချိန်မှာ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photos: Goal
အာတူရိုဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၃ ရာသီကုန်ဆုံးပြီးနောက် ယခုနွေရာသီမှာ အီတလီစီးရီးအေကို ပြန်သွားတော့မယ်လို့ အခိုင်အမာသတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့ဖူးတဲ့ အာတူရိုဗီဒယ်ကို အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့က အပြိုင်အဆိုင်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး အင်တာမီလန်အသင်းက ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းအရ အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းနဲ့သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ အာတူရိုဗီဒယ်ကို ထပ်မံကြိုးပမ်းတော့မှာမဟုတ်ဘဲ ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းက ယခုလို အီတလီစီးရီးအေအသင်းတွေကို လက်ဦးမှုရယူပြီး ကြားဖြတ်ခေါ်ယူမှုပြုလုပ်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကပဲ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ နောက်ဆုံးအချိန်ရောက်ရှိနေပြီဖြစ်တဲ့ မဲလ်ကွန်ကို ဘာစီလိုနာအသင်းက အလျင်အမြန် ကြားဖြတ်ခေါ်ယူသွားတာကြောင့် ရိုးမားအသင်းဥက္ကဌကတောင် လုံးဝမကျေနပ်နိုင်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

Photos: Sportskeeda
ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ တရုတ်စူပါလိဂ်ကို ပြန်လည်ထွက်ခွာသွားတဲ့ ကွင်းလယ်ကစားသမား ပေါ်လင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ကွင်းလယ်နေရာအတွက် ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ပြီး ပြင်းထန်အားပါတဲ့ တိုက်စစ်ဆင်မှုနဲ့အတူ ခံစစ်ကိုလည်း ဆင်းကစားနိုင်တဲ့ အာတူရိုဗီဒယ်ဟာ အသင့်တော်ဆုံးဖြစ်မယ်လို့ ဘာစီလိုနာအသင်းက ယုံကြည်ခဲ့တာဖြစ်ပါတယ်။
မိုဒရစ်အတွက် ဈေးနှုန်းသတ်မှတ်လိုက်တဲ့ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်
အသက် ၃၁ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အာတူရိုဗီဒယ်ဟာ ကစားသမားဘဝ နေဝင်ချိန်နဲ့ နီးစပ်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဟာ အာတူရိုဗီဒယ်လို အတွေ့အကြုံရင့်ကျက်ပြီး ဘာစီလိုနာအသင်းရဲ့ပွဲထွက်လူစာရင်းမှာ တန်းကစားလို့ရတဲ့ကစားသမားမျိုးအတွက် စီးပွားရေးအရ တွက်ခြေကိုက်တဲ့ပမာဏဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။