မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာဖြစ်စဉ်မှာ မမျှော်လင့်ဘဲ ရေနစ်သေဆုံးသွားခဲ့တဲ့ ရွာသူ၊ရွာသားများရဲ့ ကျန်ရစ်သူ မိသားစုများအတွက် ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) က လိုအပ်တာတွေ သွားရောက်ကူညီခဲ့တာ ဖြစ်ပါတယ်။
Photo : ကျော်သူ
ပရဟိတမင်းသားကြီး ဦးကျော်သူဟာ ဖရဲကျွန်းရွာ ဖြစ်စဉ်မှာ ရေနစ်သေဆုံးသွားခဲ့တဲ့ ရွာသူ၊ ရွာသား (၃၈)ဦးအတွက် ကျန်ရစ်သူမိသားစုများကို သွားရောက်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု (၁)စုကို အလှူငွေ တစ်သိန်းနှစ်သောင်း ကျပ်တိတိနှုန်းဖြင့် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
"မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာဖြစ်စဉ်တွင်မမျှော်လင့်ဘဲ ရေနစ်သေဆုံးသွားခဲ့သော ရွာသူ ၊ ရွာသား (၃၈) ဦးအတွက် မီးသဂြိုလ်စရိတ် နှင့် ကူငွေအဖြစ် ကျန်ရစ်သူနာရေးရှင် မိသားစုများအား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက် ဖရဲကျွန်းရွာသားများမှ အိမ်ထောင်(၁)စုလျှင် (၁၂၀၀၀၀ိ/)(တစ်သိန်း နှစ်သောင်း) ကျပ်နှုန်းဖြင့် သွားရောက် ကူညီဖေးမပေးခဲ့ပါသည်။” ဆိုပြီး ဇူလိုင်(၂၈) ရက်နေ့က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ကျော်သူ
သေဆုံးသွားခဲ့တဲ့ ရွာသူ၊ရွာသားများအတွက်လည်း စုပေါင်းရက်လည်ဆွမ်းသွပ်နိုင်ဖိုက အလှူငွေ ငါးသိန်းကိုးသောင်းကျပ် ထပ်ပြီး ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်သူနဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) ရဲ့ စုပေါင်း အလှူငွေကတော့ ငွေကျပ် သိန်းငါးဆယ်ကျော် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
“စုပေါင်းရက်လည်ဆွမ်းသွပ်အမျှအတမ်းပေးဝေရန်အတွက် အလှူငွေ (၅၉၀၀၀၀ိ/) (ငါးသိန်း ကိုးသောင်း ကျပ်)အားလည်း “ အများ ပြည်သူမှ အများပြည်သူ ကောင်းမှု ” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူအသင်းသားများ၊ အဝေးရောက်ဖရဲကျွန်းရွာသားများ ကောင်းမှု အလှူငွေစုစုပေါင်း (၅၁၅၀၀၀၀ိ/-)(ငါးဆယ့်တစ်သိန်း ငါးသောင်းကျပ်) အား လှူဒါန်းကူညီခဲ့ပါသည်” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။
Photo : ကျော်သူ
ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေသူ ဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Photo : ကျော်သူ
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။