မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမား ပီတာရှမိုက်ကယ်ဟာ ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပေါ့ဂ်ဘာကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယူနိုက်တက်ရဲ့ ပြဿနာကောင်လို့ ခေါ်ဝေါ်ခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပါဝင်ကစားဖို့ မရေမရာဖြစ်နေခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုရှိလာတာကြောင့် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို မက်တွန်မ်နေးက ပထမပိုုုင်းပြီးဆုံးခါနီးမှာ ပင်နယ်တီဧရိယာထိပ်ကနေ လျှပ်တပြက်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၈ မိနစ်မှာ အော်ဘာမီယန်းရဲ့ ကနဦးလူကျွံဘောကို VAR နဲ့ ပြန်လည်ကြည့်ရှုပြီးနောက် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ပီတာရှမိုက်ကယ်ဟာ ၎င်းရဲ့သားဖြစ်သူ ကက်စပါရှမိုက်ကယ်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာ ပေ့ါဂ်ဘာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။
“အဲဒါက အရမ်းကို ထူးဆန်းတဲ့စွမ်းဆောင်ရည်ပါ။ ပွဲကြည့်စင်မှာထိုင်ပြီး အသင်းကို ကြည့်နေရင်း ဘာတွေဖြစ်နေလဲ၊ ပွဲအတွက် အစီအစဉ်က ဘာလဲဆိုတာကို နားလည်ဖို့ ခက်ခဲပါတယ်”
“အာဆင်နယ်ဘာလုပ်နေလဲဆိုတာက ရှင်းပါတယ်”
“ဒီနေ့မတိုင်မီက ပွဲစဉ်တိုင်းမှာ သူတို့တွေက ဘောလုံးကို နောက်တန်းကနေ စကစားတယ်။ ဒီနေ့မှာတော့ သူတို့အဲဒီလိုမဟုတ်ပါဘူး။ ဂိုးလွန်ဘောတိုင်းကို ကန်တင်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းတဝက်ကို ဖိအားပေးတယ်”
“ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံးရတဲ့အခါမှာ အစီအစဉ်က ဘာလဲဆိုတာ သိဖို့ ခက်ခဲပါတယ်”
“ပေါ့ဂ်ဘာအသင်းမှာ ပါဝင်ကစားတဲ့အချိန်မှာ ဘောလုံးရွေ့လျားတဲ့ပုံစံက သူမရှိတဲ့အချိန်နဲ့ ကွဲပြားခြားပါတယ်”
“တကယ်လို့ ပေါ့ဂ်ဘာ အသင်းမှာ ကစားမယ်ဆိုရင် သူ နည်းနည်းတော့ အရှိန်မြှင့်ဖို့ လိုပါတယ်”
“အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍက ဘာလဲ ကျွန်တော် မသိပါဘူး။ အိုလီက လူစားလဲလှယ်မှုလုပ်ပြီး ပေါ့ဂ်ဘာကို တိုက်စစ်ကို ပိုလိုက်ပါကစားခိုင်းမယ်ဆိုရင်တောင်မှ အများကြီးဖြစ်လာမှာမဟုတ်ပါဘူး”
“ဒီပွဲမှာ ပေါ့ဂ်ဘာဆီကနေ ကောင်းမွန်တဲ့ပေးပို့မှု ၂ ခု ရှိခဲ့ပေမယ့် အဲဒါက ၂ ခုပါပဲ။ ၁၅ ခုမဟုတ်ပါဘူး”
“ပြီးတော့ ကျွန်တော် အဲဒါကို ပြဿနာလို့ မြင်တယ်။ သူ လူတွေအာရုံစိုက်အောင် အရမ်းလုပ်လွန်းတယ်”
“သူက အသင်းမှာ ပြဿနာရှိတဲ့ ကောင်လေးလိုမျိုး ခံစားရပါတယ်”လို့ Stadium Astro ကို ပြောကြားခဲ့ပါတယ်။