တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပေါ့ချက်တီနိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့ညမှာ လန်ဒန်က စားသောက်ဆိုင်တစ်ခုကနေ ဇီဒန်း၊ ဘက်ခမ်းတို့နဲ့အတူ ထွက်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
The Sun ရဲ့သတင်းထဲမှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံထဲမှာ စားသောက်ဆိုင်ထဲကနေ ထွက်ခွာလာတဲ့ ပေါ့ချက်တီနိုဟာ နက်ပြာရောင်ဂျာကင်နဲ့ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ဒေးဗစ်ဘက်ခမ်းကလည်း ၎င်းရဲ့မိတ်ဆွေဖြစ်တဲ့ဒေ့ဗ်ဂါဒနာနဲ့အတူ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
ဇီဒန်းကတော့ ပေါ့ချက်တီနိုတို့ မထွက်ခွာခင်မှာ စားသောက်ဆိုင်ထဲကနေ အနည်းငယ်စောပြီး ထွက်ခွာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ယင်းဖြစ်စဉ်ကြောင့် ပေါ့ချက်တီနိုဟာ ရီးရဲမက်ဒရစ်ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဘက်ခမ်း၊ ဇီဒန်းတို့နဲ့အတူ ညစာစားခဲ့တယ်လို့ နားလည်ရပြီး စပါးအသင်းပရိသတ်တွေဟာ ယခုနွေရာသီမှာ ပေါ့ချက်တီနိုအသင်းကနေ ထွက်ခွာမှာကို စိုးရိမ်နေကြပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ယခုလာမယ့်နွေရာသီမှာ နည်းပြသစ် ခန့်အပ်ဖို့ စဉ်းစားနေပြီး ပေါ့ချက်တီနိုကို ထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဇီဒန်းနဲ့ ဘက်ခမ်းတို့ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ရီးရဲမက်ဒရစ်ရဲ့ကြယ်စင်စုအသင်းမှာ အတူတွဲဖက်ကစားခဲ့ကြသူတွေဖြစ်ပြီး စပါးအသင်းက အသင်းကို ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းနဲ့ ပုံမှန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ ပေါ့ချက်တီနိုကို ထိန်းသိမ်းထားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။