ပရီးမီးယားလိဂ် ပွဲစဉ် (၄)ရဲ့ ဒီတစ်ပတ်အစောဆုံးပွဲအဖြစ် လက်စတာစီးတီး နဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ (၃)ပွဲဆက်အနိုင်နဲ့အတူ ပေးဂိုးမရှိစံချိန် ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ လက်စတာအသင်းက ဧည့်ခံကစားခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ ပွဲက ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။

လက်စတာစီးတီးကတော့ တိုက်စစ်မှူး ဗာဒီ ပွဲပယ်ခံထားရတာကြောင့် မပါဝင်နိုင်ပဲ ဒီမာရိုင်ဂရေးကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်စေခဲ့ပြီး အယ်ဘရိုက်တန်၊ မက်ဒီဆန် နဲ့ ဂယ်ဇယ်တို့က တိုက်စစ်ကို ပံ့ပိုးပေးသွားခဲ့ပါတယ်။ နောက်တန်းမှာတော့ မော်ဂန်နဲ့ မက်ဂွဲယားတို့က ဦးဆောင်ခဲ့ပြီး ဂိုးသမားအဖြစ် ရှမိုက်ကယ်က ပုံမှန်ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်ကတော့ ပုံမှန်ကစားနေကျအတိုင်း မာနေး၊ ဖာမီနို၊ ဆာလာတို့ အတွဲနဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ ဝိုင်နယ်ဒမ်၊ ဟန်ဒါဆန် နဲ့ မီလ်နာတို့ ပါဝင်ခဲ့ပြီး နောက်တန်းမှာတော့ ဗန်ဒိုက်က ဦးဆောင်ပါဝင်ခဲ့ပြီး ဂိုမက်ဇ်နဲ့ တွဲပေးခဲ့ကာ ဘယ်ညာအစွန်မှာတော့ ရောဘတ်ဆန်နဲ့ အာနိုးလ်တို့ ပါဝင်လာခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှု သိပ်ကွာခြားမှုမရှိပေမယ့်လည်း တိုက်စစ်ကို ပိုမိုပုံဖော်နိုင်တဲ့ လီဗာပူးလ်က ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု ပိုမိုမြင့်မားခဲ့ပြီး လက်စတာကတော့ လီဗာပူးလ်ခံစစ်ကို ထိုးဖောက်ဖို့ အဖြေရှာရင်းနဲ့ပဲ ပထမပိုင်းမှာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပွဲအစ (၁၀)မိနစ်မှာပဲ မာနေးက တစ်ကိုယ်တော်စွမ်းရည်ကို အသုံးချပြီး ဧရိယာအတွင်း အပိုင်ကန်သွင်းနိုင်ခဲ့တာမို့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။
ဂိုးပေးရပြီးနောပ်ပိုင်း လက်စတာတို့ ကြိုးစားခဲ့ပေမယ့်လည်း လီဗာပူးလ်ရဲ့ ကွင်းလယ် နဲ့ ခံစစ်ကစားပုံက ဟာကွက်မရှိခဲ့တာမို့ ချေပဂိုးရဖို့ အလှမ်းကွာခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်ပြီးခါနီးမှာတော့ ထောင့်ကန်ဘောကတဆင့် ဖာမီနိုက အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ပထမပိုင်းမှာ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လက်စတာက အီဟီယာနာချိုကိုထည့်သွင်းခဲ့ပြီး အိုကာဇာကီကိုပါ ထည့်သွင်းကာ တိုက်စစ်ကို အရှိန်မြင့်ခဲ့ပါတယ်။ အီဟီယာနာချို ဝင်လာပြီးနောက်ပိုင်း လက်စတာတိုက်စစ်ပိုင်းက အနည်းငယ်ကောင်းမွန်လာခဲ့ပြီး လီဗာပူးလ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ (၆၇)မိနစ်မှာတော့ အယ်လစ်ဆန်ရဲ့ မလိုအပ်တဲ့ အမှားကတဆင့် ဂယ်ဇယ်က အခွင့်အရေးကို အသုံးချပြီး ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်။
လက်ကျန်မိနစ်တွေမှာ လက်စတာအသင်း ချေပဂိုးထပ်မံရရှိဖို့ အိုကာဇာကီကို ထည့်သွင်းပြီး ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်က သတိကြီးကြီးနဲ့ ကစားခဲ့တာကြောင့် ဂိုးမရှိခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ လီဗာပူးလ်က ဟန်ဒါဆန်နဲ့ ဆာလာတို့နေရာမှာ ရှာကွီရီနဲ့ ကီတာတို့ကို ထည့်သွင်းပြီး ပွဲကို ပုံစံမပျက်ထိန်းသိမ်းရင်း နိုင်ပွဲရရှိသွားခဲ့ပါတယ်။