တောင်ကြီး မြို့ လေးလောင်းပြိုင်လူသတ်မှု ကျုးလွန်သူ အသက် ၆၀ အရွယ် အမျိုးသားကို ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အကြာမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နေသိရပါတယ်။
Photo- ရဲဇာနည်
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ တရားခံ တင်အုန်း (ခ) တိုက်အုန်းမှာ အခင်းဖြစ်ပွားတဲ့ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ရဲ့ ပိုင်ရှင် ဒေါ်အေးရွှေနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ ဖြစ်ပြီး အမွေကိစ္စတွေကြောင့် အခုလိုသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ဆေးတိုက်ပိုင်ရှင်ဒေါ်အေးရွှေမှာ ခင်ပွန်းကွယ်လွန်သွားပြီဖြစ်ပြီး သူတို့ ဇနီးမောင်နှံမှာ သားသမီးမထွန်းကားခဲ့လို့ တင်အုန်း (ခ) အိုက်အုံးရဲ့ ပထမအိမ်ထောင်နဲ့ ရရှိထားသူ စိုင်းဝင်းမောင်ကို မွေးစားထားခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ စိုင်းဝင်းမောင်ကလည်း အိမ်ထောင်ကျပြီး အိမ်ခွဲနေထိုင်ကြောင်း၊ ဒါ့အပြင် ဒေါ်အေးရွှေက အခုသေဆုံးခဲ့သူ မနန်းခမ်းလှိုင်ကို လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်က ဒေါ်အေးရွှေနဲ့ အတူနေပြီး ဆေးတိုက်လုပ်ငန်းကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာပါ။
မနန်းခမ်းလှိုင်မှာမွေးစားမိခင်နဲ့ အတူ အနေနီးစပ်တာကြောင့် အမွေခွဲလာခဲ့ရင် တရားခံရဲ့သား အမွေအရနည်းမှာကို စိုးရိမ်မှု၊ မိမိရဲ့ ငွေကြေးလိုအပ်မှုတွေကို အခြေခံပြီး အခြားသူနဲ့ အတူ ပူးပေါင်းပြီး အဓိက ဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူ မိသားစုကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ဧပြီလ ၂၈ ရက် မနက်ပိုင်းက တောင်ကြီးမြို့၊ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၁၁၈) နေ မြင်းဖြူနှစ်ကောင်ဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေ ဆွမ်းလှူပွဲ သွားနေစဉ် ဒေါ်အေးရွှေရဲ့ မွေးစားသမီး နန်းခမ်းလှိုင်၊ သမက်ဖြစ်သူနဲ့ (၇) လသားအရွယ် ကလေးငယ်အပြင် အိမ်အကူတို့ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅) မျိုး၊ ငွေကျပ် သိန်း ၄၀ အပါအဝင် စုစုပေါင်း တန်ဖိုးကျပ် (၁၅၅၇) သိန်းခန့်တိုကိုလည်း လုယက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျန်တရားခံတွေကို ဆက်လက်ဖမ်းဆီးရမိရေး၊ ကျန် သက်သေခံပစ္စည်းတွေကို ထပ်မံသိမ်းဆည်းရရှိရေးတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။