• တောင်ကိုရီးယားလေဆိပ်မှာ ကိုးလကြာ သောင်တင်နေတဲ့ အန်ဂိုလာမိသားစု ခိုလှုံခွင့်လျှောက်နိုင်ပြီဖြစ်

အန်ဂိုလာမှာ ဖိနှိပ်ခံခဲ့ရတာကြောင့် တောင်ကိုရီးယားကို ထွက်ခွာလာခဲ့ကြတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ လေဆိပ်တစ်ခုမှာ ကိုးလကြာ သောင်တင်ပိတ်မိနေခဲ့တဲ့ အန်ဂိုလာမိသားစုတစ်စုဟာ ဒုက္ခသည်တွေအဖြစ် ခိုလှုံခွင့်လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

image

(အန်ကူကာလူလင်ဒို) (Photo: Asian Boss)

အထက်တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီးနောက် လေဆိပ်မှာ ယမန်နှစ်ကတည်းက သောင်တင်ပိတ်မိနေခဲ့တဲ့ အန်ဂိုလာနိုင်ငံမှ မိသားစုဟာ ဒုက္ခသည်တွေအဖြစ် ခိုလှုံခွင့်ရရန် လျှောက်ထားနိုင်ပြီလို့ဆိုပါတယ်။ လူလင်ဒိုမိသားစုက ၎င်းတို့ရဲ့ ကွန်ဂိုလူမျိုးနဲ့ဆက်နွယ်တဲ့ နောက်ခံအကြောင်းအတွက် အန်ဂိုလာမှာ ဖိနှိပ်ခံခဲ့ရတာကြောင့် တောင်ကိုရီးယားကို ထွက်ခွာလာခဲ့ကြတယ်လို့ ပြောပါတယ်။

သို့သော် တောင်ကိုရီးယားအာဏာပိုင်တွေက ၎င်းတို့ပြောဆိုမှုအပေါ် အငြင်းပွားခဲ့ပြီးနောက် မိဘတွေနဲ့ ကလေးလေးဦးကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားရန်ခွင့်မပြုပါဘူး။ တောင်ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ခွင့်မရခဲ့ကြတဲ့ အဆိုပါ မိသားစုဟာ ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကတည်းက လေဆိပ်မှာ သောင်တင်ပိတ်မိနေခဲ့တာလည်း ဖြစ်ပါတယ်။

(အန်ကူကာလူလင်ဒို) (Photo: Asian Boss)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်ကြီးကြပ်ရေးဌာနက အန်ကူကာလူလင်ဒိုနဲ့ ၎င်းရဲ့ဇနီးတို့မှာ အခြား စီးပွားရေး ရည်ရွယ်ချက်များရှိနိုင်ကြောင်း သံသယဖြစ်ခဲ့ကြပြီးနောက် ၎င်းတို့ကို ဒုက္ခသည်ဗီဇာလျှောက်ထားခွင့် ငြင်းပယ်ခဲ့ကြကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

သို့သော် ပြီးခဲ့တဲ့ ဇွန်လအတွင်း မီဒီယာကုမ္ပဏီအသစ်ဖြစ်တဲ့ Asian Boss နဲ့ အင်တာဗျူးအစီအစဉ်မှာ လူလင်ဒိုက ၎င်းဟာ ကွန်ဂိုမျိုးရိုးဇစ်မြစ်ကြောင့် အန်ဂိုလာမှာ တမင်ရည်ရွယ် နှောင့်ယှက်မှုတွေကြုံခဲ့ရတယ်လို့ ပြောပါတယ်။ လူလင်ဒိုဟာ အန်ဂိုလာမှာနေထိုင်ခဲ့စဉ် အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ၎င်းရဲ့ကားက ရဲတပ်ဖွဲ့ဂျစ်ကားတစ်စီးကို ဝင်တိုက်ခဲ့မိတယ်လို့ ဆိုပါတယ်။

(Photo: With Refugees Joint Action)

လမ်းသွားလမ်းလာတွေကို မတိုက်မိစေရန် ရှောင်တိမ်းလိုက်ရာမှ ရဲကားကို ဝင်တိုက်ခဲ့မိတယ်လို့ လူလင်ဒိုက ပြောခဲ့ပါတယ်။ "ရဲတွေက အဲဒီမှာပဲ ကျွန်တော့်ကို အချုပ်ထဲထည့်လိုက်ကြတယ်၊ တရားရုံးတင်ပြီး ကြားနာစစ်ဆေးတာ မရှိခဲ့ဘူး" လို့ လူလင်ဒိုက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အချုပ်ထဲမှာ ၁၀ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားစဉ်အတွင်း နှိပ်စက်ခံခဲ့ရတယ်လို့လည်း လူလင်ဒါက ဖြည့်စွက်ပြောခဲ့ပါတယ်။

လူလင်ဒိုဟာ ကွန်ဂိုမျိုးရိုးဇစ်မြစ်မှ ဆင်းသက်လာမှုကြောင့် အန်ဂိုလာမှာ နှစ်အတန်ကြာ ခွဲခြားဆက်ဆံခံနေရတဲ့ လူမှုအသိုင်းအဝိုင်းမှ ဖြစ်တယ်လို့ဆိုပါတယ်။ လူလင်ဒိုမိသားစုကို နိုင်ငံအတွင်း ဝင်ခွင့်မပြုဘဲ ခိုလှုံခွင့်လျှောက်ထားခွင့် ငြင်းပယ်ထားခဲ့တဲ့ အောက်တရားရုံးရဲ့ ဆုံးဖြတ်စီရင်မှုကို အထက်တရားရုံးက ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

(Photo: With Refugees Joint Action)

"တရားရုံးတော်က ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်တဲ့ မိသားစုအခွင့်အရေးကို အသိအမှတ်ပြုလိုက်တာက သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်စီရင်မှုပါပဲ" လို့ လူလင်ဒိုမိသားစုရဲ့ ရှေ့နေ လီစန်ဟွန်းက Yonhap သတင်းဌာနကို ပြောပါတယ်။ "တရားရုံးတော်ရဲ့ ဒီစီရင်ချက်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအပေါ် လူ့အဖွဲ့အစည်းရဲ့ မှားယွင်းတဲ့ သဘောထားအမြင်ကိုလည်း ပြောင်းလဲနိုင်ပါလိမ့်မယ်" လို့ ရှေ့နေဖြစ်သူက မှတ်ချက်ပြုခဲ့ပါတယ်။


Share

Loading Next Article...
က္က